ကြာအင်းဆိပ်ကြီး၊ ဇူလိုင်(၁၈)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး အရပ်သား ၂၀ နီးပါးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို တပ်အင်အား ၉၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာကနေ တစ်နေ့ကုန်နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ခရီးသည်တင်ယာဉ်တစ်စီး ဖြတ်သန်းသွားစဉ် စစ်ကောင်စီတပ်က ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့အတွက် ကားပေါ်ပါ အရပ်သား ၂ ဦး သေဆုံးသွားခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိသွားခဲ့ကာ ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ ည ၉ နာရီအချိန်မှာတော့ အရပ်သား ၂ ဦးဟာ မိုးရွာနေတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်ထံကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ကာ လွတ်မြောက်လာတဲ့အရပ်သား ၂ ဦးကို နဂါးနီစစ်ကြောင်းက စောင့်ရှောက်ကူညီထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးသွားခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သားဦးရေဟာ ခရီးသည်တင်ယာဉ်ပေါ်က အရပ်သား ၁၅ ဦးနဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ ခြံလုပ်နေတဲ့ ပုလိန်ရွာသား ၄ ဦး စုစုပေါင်း အရပ်သား ၁၉ ဦးကို ဖမ်းဆီးထားနေဆဲဖြစ်တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ခလယ်၊ ပုလိန်၊ တံခွန်တိုင်၊ ငြိမ်းချမ်းမြိုင်၊ နောင်ဒေးစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၁၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.