ကျိုက်ထို၊ ဇူလိုင်(၁၈)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇီးကုန်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း ပိတောက်ကုန်းကျေးရွာနေ ကိုပိုင်ချစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး ဇီးကုန်းကျေးရွာဒေသခံ ၂ ဦးမှာလည်း သေနတ်ထိမှန် ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အရပ် သား ပြည်သူ ၃ဦးကို ပစ်သတ်သွားခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမဲ့ ပစ်ခတ်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ် ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီတယ်လီဂရမ်အကောင့်တွေမှာ တိုက်ပွဲအတွင်း ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဝင်တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၇ ရက်နေ့ နေ့ညပိုင်းအထိ ဇီးကုန်းကျေးရွာပတ်ဝန်းကျင်မှာ တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတယ်လို့ တော်လှန်ရေးအင်အားစုထံက သိရပါတယ်။

တိုက်ပွဲကြောင့် ဇီးကုန်းနဲ့ကရဝေးဆိပ်ကျေးရွာနေ ပြည်သူလူထုတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ထဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ မရှိဘဲ အခုအခါမှာတော့ တစ်ကျော့ပြန်စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.