ကန်ပက်လက် – ဇူလိုင်(၁၈)

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်က တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးမှာရှိတဲ့ မဆာတွီကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ (၅) ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet (Khonu Battalion) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇူလိုင်လ(၁၈) ရက်နေ့မနက်(၁၁) နာရီဝန်းကျင်မှာ မဆာတွီကျေးရွာကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူပိုင်အိမ်တွေနဲ့ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ ဘုရားကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့ ပေမယ့် ပြည်သူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုထားပါတယ်။

ကန်ပက်လက်မြို့မှာ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးအင်အားစုတွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပြည်သူတွေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်တလောမြေပြင်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ CDF-Kanpetlet အဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ဟာ ခုခံတော်လှန်စစ်အားကောင်းတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီဘက်က အပြင်းထန်ဆုံးထိုးစစ်ဆင်တာတွေပြုလုပ်ခံနေရတဲ့ ဒေသတခု လည်းဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Khonu Battalion

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.