ဆော – ဇူလိုင်(၁၇)

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား(၅၀၀) နီးပါးနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က (၆) ဦးထက်မနည်းကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ရင်းကဲကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဆွဲလွဲကျင်း၊အင်ဘူးနဲ့ နတ်ကောင်းကျင်းရွာက ဒေသခံ (၂)ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လက်ရှိအချိန်မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ (၄) ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းမှာ သံချပ်ကာ ကား(၃)စီးအပါအဝင် ကားအစီ(၃၀) ဝန်းကျင်နဲ့ ရိက္ခာတွေပါလာပြီး ပခုက္ကူ-တညောင်-ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာကနေ လောင်းရှည်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

“ဆော၊လောင်းရှည်ဘက်ကို စစ်ကြောင်းထိုးနေတာတော့ ကြာပြီ။စပြီးထိတွေ့ဖြစ်တာက လေ ရက်လောက်ပဲရှိဦးမယ်။ ရင်းကဲရွာ မီးရှို့ခံရတယ်။ ပြည်သူတစ်ဦးသေဆုံးတယ်။ ကာကွယ်ရေး အဖွဲ့တွေကလည်းအကျဆုံးတွေရှိတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၅)ဦးရဲ့ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ထားပြီး ကာကွယ်ရေးတပ်တွေကလည်း အတည်ပြုထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ(၁၄) ရက်နေ့က ရင်းကဲကျေးရွာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းက ဒေသခံ (၃၀၀) ကျော်သေဆုံးထားပြီး ပြည်သူ(၂၀၅၄၀၀) ဦးနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.