လောင်းလုံး၊ ဇူလိုင်(၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ နာခံတောကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထူ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ နာခံတောကျေးရွာ တောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီဘက်က ကျေးရွာတွေထဲ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နာခံတော၊ ခမောင်းတောင်၊ တောင်မင်းပြောင်၊ မဲအုံနောက်၊ ထိန်တွင်း၊ စခန်းကြီးကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံ ၃၀၀၀ လောက်ဟာ ဘေးလွတ်ရာနေရာတွေကို အသက်လုထွက်ပြေးနေရတာ ဖြစ်ပါတယ်။

လက်နက်ကြီးပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် နာခံတောကျေးရွာ တောင်ပေါ်မှာ တပ်စွဲနေထိုင်နေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခမောင်းတောင်ရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုးနေတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ ပြီးခဲ့တဲ့ ဇွန်လအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလူထု ၂၅၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.