မော်လမြိုင်၊ ဇူလိုင်(၁၆)

လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ လူမနေတဲ့အဆောက်အဦးအနီးမှာ အ မျိုးသားတစ်ဦးကိုသတ်ကာ ဆိုင်ကယ်နဲ့ ဖုန်းအပါအဝင် ပစ္စည်းတချို့ လုယက်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းကလည်း စမ်းကြီးရပ်ကွက်ရှိ ရော်ဘာခြံလမ်းထိပ်မှာ အမျိုးသားတစ်ဦးကိုရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ဖုန်းတွေကို လုယူသွားတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပစ္စည်းလုလူသတ်တဲ့ ဖြစ်စဉ်တွေဟာ အခုနှစ်အတွင်း အဖြစ်များလာသလို ဆိုင်ကယ်လုတာတွေ၊ ရိုက်နှက်ပြီးပစ္စည်းလုယက်တာတွေအပြင် ဆိုင်ကယ်ခိုးယူမှုတွေကလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ လူသတ်လုယက်မှုတွေဟာ အခုနောက်ပိုင်းကာလတွေမှာ ခပ်စိပ်စိပ် ဖြစ်ပွားလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူတာ မရှိသလောက် နည်းပါးနေတယ်လို့ ပြောပါတယ်။

“အဓိကတော့ စီးပွားရေးကျပ်တည်းလာတယ်။ အလုပ်အကိုင်ရှားပါးလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ခိုးဆိုးလုယက်တာတွေက ပိုဖြစ်များလာတာပေါ့။ ညနေပိုင်းဘက်တွေမှာ အများဆုံးပေါ့နော်။ ဆိုင်ကယ်လုယူမှုတွေ ဖြစ်တယ်။ ဆိုင်ကယ်ခိုးခံထိတာလည်း များနေတယ်။ နောက်လုယူပြီးတော့ လူကိုအသက်အန္တရာယ်တောင် ရန်ရှာတာပေါ့နော်။ အဲဒီလိုမျိုးဖြစ်စဉ်တွေကတော့ အခုဒီမှာခပ်စိပ်စိပ်လေးတွေ ဖြစ်လာတာတွေ့ရတယ်ဗျ။ CCTV တွေကတော့ တစ်မြို့လုံးလွှမ်းခြုံထားတာပဲလေ။ မီးပြတ်ရင် တောင်မှ ဆိုလာတပ်ထားတယ်လို့ ပြောတယ်ခင်ဗျ။ အဲဒီတော့ CCTV မရှာဘဲနဲ့ အောက်မှာဒီလိုဘဲ ပြီးလိုက်တဲ့ပုံစံမျိုးတွေရှိလို့ ကျွန်တော်ထင်တာ တရားခံတွေမမိဘူးလို့သိရတယ်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်ကောင်စီတပ်ဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားသလို နေ့ရောညပါ လုံခြုံရေးကင်းလှည့်တာနဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် အများပြည်သူရဲ့ လုံခြုံရေးအတွက်ဆိုပြီး မော်လမြိုင်တစ်မြို့လုံး နေရာအနှံ့ CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိနေတာပါ။

မော်လမြိုင်ခံနောက်တစ်ဦးကလည်း နေအိမ်အပြင်ထွက်သွားလာဖို့ စိုးရိမ်နေရသလို လုံခြုံမှုမရှိတော့တဲ့ အခြေအနေကြောင့် အထူးသတိထားသွားလာနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကျမတို့ကအပြင်ထွက်ရင် (၉)နာရီ (၁၀)နာရီလည်း အိုကေတယ်။ ပြဿနာမရှိဘူးပေါ့နော်။ အခုကျတော့ တစ်ခါတလေကျရင် ကိုယ်ကအလုပ်လုပ်ရင်းနဲ့ အလုပ်မှာဇောပါသွားပြီး အိမ်ပြန်နောက်ကျတဲ့ အခြေအနေမျိုးဆိုရင် စိုးရိမ်ရတာတွေရှိတယ်။ ဘယ်အခြေအနေပဲဖြစ်ဖြစ် စားဝတ်နေရေးခက်ခဲလာမယ်ဆိုရင် လုပ်တဲ့သူကလည်း ရရစားစားလုပ်နိုင်တဲ့ အနေအထားမျိုးလေးတွေရှိတယ်။ တစ်ခါတလေ မူးယစ်ဆေးကြောင်တဲ့ လူမျိုးတွေလည်း အခက်အခဲလေးတွေ ရှိတာပေါ့နော်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ကကျတော့ သတိကတော့ ကြီးကြီးထားပြီးတော့ သွားရလုပ်ရတာတွေ ရှိတာပေါ့နော်။ မီးပွိုင့်မိလို့ ဆိုင်ကယ်ရပ်ရင်တောင် ဟိုဘက်ဒီဘက်ကိုက အမြဲတမ်းကြည့်နေရတယ်။ ဘယ်အချိန်မှာ ကိုယ့်ကိုဘာလုပ်သွားမလဲဆိုတဲ့ဥစ္စာတွေက အမြဲတမ်းကြည့်နေရတယ်။ သတိမပြတ်စေရဘူးပေါ့နော်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့အတွင်း ဖြစ်ပေါ်နေတဲ့ လူသတ်ပြီး လုယက်မှုကျူးလွန်သူအများစုဟာ အုပ်စုဖွဲ့ပြီး လုပ်ကိုင်လာကြသလို တန်ဖိုးအနည်းငယ်ရှိယုံနဲ့ အသက်အန္တရာယ်တွေကိုပါ ရန်ရှာလာကြတာကြောင့် ပြည်သူဘဝ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို ခိုးဆိုးလုယက်မှုတွေအတွက် စစ်ကောင်စီ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖော်ထုတ်ပေးတာမရှိတဲ့အတွက် ပြည်သူတွေဟာ ကိုယ်ဖြစ်ကိုယ်ခံနေရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Bo Bo Win

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.