ရေဖြူ၊ ဇူလိုင်(၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတလျှောက်က ဒေသခံ ၁၀ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ ကဒက်အိုင်ကျေးရွာအနီး ဖြတ်သွားစဉ် ဥယျာဉ်ခြံတွေထဲမှာ နေထိုင်တဲ့ ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သူတွေထဲမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့တွေဟာ ဥယျာဉ်ခြံအလုပ်သမားတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီးနောက် ဧကနိနဲ့ ခမောက်ချောင်းကျေးရွာသို့ ဆက်လက်ထွက်ခွာသွားတာ ဖြစ်ပါတယ်။

နဘုလယ်ဒေသကို ရွာစဉ်လှည့်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဧကနိ၊ ခမောင်ချောင်းနဲ့ ကဒက်အိုင်ကျေးရွာတွေက ဒေသခံအများစု ထွက်ပြေးတိမ်ရှောင်နေရတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားပေမယ့် ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းကို လာရောက် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.