မုဒုံ၊ ဇူလိုင်(၁၆)

မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေဟာ မွန်ပြည်နယ်ရှိ မြို့နယ်သုံးခုအတွင်းက ကျေးရွာတွေနဲ့ ကားလမ်းမတွေမှာ လုံခြုံရေးကင်းလှည့်တာတွေ ရှိလာတယ်လို့ မွန်ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့နဲ့ ညောင်ကုန်းကျေးရွာ အနီးတဝိုက် မုဒုံ-သံဖြူဇရပ် ကားလမ်းမတစ်လျှောက်မှာ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်ခေါဇာမြို့ဘက်ခြမ်းမှာ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့် လှုပ်ရှားနေတာတွေ ရှိခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အနင်းကျေးရွာနဲ့ ဝယ်ကလောင်းကျေးရွာအနီးတဝိုက်မှာ တပ်အင်အားချပြီး လုံခြုံရေးကင်းလှည့်နေတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

မွန်ဒေသခံတစ်ဦးကတော့ မွန်ပြည်သစ်က အခုလိုဆောင်ရွက်ဖို့ တော်လှန်ရေးအင်အားစုတွေအပြင် စစ်ကောင်စီနဲ့ပါ ညှိနှိုင်းခဲ့တဲ့သဘောရှိပြီး ပြည်သူတွေ အသက်အိုးအိမ်မဆုံးရှုံးရအောင် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

“အပြည့်အဝ ၁၀၀ ရာခိုင်နှုန်းအထိ လုံခြုံရေးယူပေးနိုင်လားဆိုတာ ကျွန်တော့်အနေနဲ့ အပြည့်အဝပေးနိုင်မယ်လို့ မယုံကြည်ဘူး၊ ဒါပေမယ့်လည်း အထိုက် အလျောက် ပေါ့။ သူတို့ကလည်း (မွန်ပြည်သစ် တပ်ဖွဲ့ဝင်တွေ) တော်လှန်ရေးအင်အားစုဘက်ကရော၊ စကစဘက်ကရော ညှိနှိုင်းပြီးတော့ သူတို့လုပ် ဆောင်သွားမယ့် သဘောတော့ရှိတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က လက်ရှိတော်လှန်ရေးလုပ်နေတဲ့ တပ်ဖွဲ့တွေကို စစ်ကောင်စီအစား သွားရောက်ကာကွယ်ပေးတာ မဟုတ်ဘူးဗျ။ ကျွန်တော့်အ မြင် သူတို့ပြည်သူတွေ နှစ်ဘက်စလုံးကြားမှာ တိုက်ပွဲမဖြစ်ဖို့ အသက်အိုးအိမ်မဆုံးရှုံးရအောင် တတ် နိုင်တဲ့ဘက်ကို ပြည်သူတွေ ဖိတ်ခေါ်ချက်အရ သူတို့ကဝင်လာတာဗျ”လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ အမြဲတစေဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသအတွင်း လုံခြုံရေးကင်းလှည့်နေတဲ့အပေါ် မွန်လူထုကြားဝေဖန်သံတွေ ထွက်ပေါ်နေတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးဆိုတဲ့ ရှုတ်ချမှုတွေကြောင့် နိုင်ငံရေး၊ စစ်ရေးသိက္ခာ အဖတ်ဆယ်တဲ့သဘောနဲ့ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာအရ လှုပ်ရှားမှုသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အမှန်တကယ် မွန်ပြည်သစ်က ကာကွယ်ရေးလုံခြုံရေးယူချင်ရင် တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေတဲ့ ရေးမြို့နယ်ဘက်မှာ လုံခြုံရေး၊ ကာကွယ်ရေးတာဝန်ယူရမှာပါ။ တိုက်ပွဲမဖြစ်ပွားတဲ့ဒေသ လက်နက်ကိုင်တိုက်ပွဲတွေ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုမရှိတဲ့ နယ်မြေဒေသမှာ လာရောက်လှည့်လည်နေတာက မွန်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူး၊ လုံခြုံရေးမပေးနိုင်ဘူးလို့ ဝေဖန်ရှုတ်ချမှုတွေကြောင့် နိုင်ငံရေးစစ်ရေး သိက္ခာအဖတ်ဆယ်တဲ့သဘောနဲ့ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာတစ်ရပ်ရဲ့ လှုပ်ရှားမှုလောက်ပဲလို့ သုံးသပ်ရမှာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲမဖြစ်ဖို့အပြင် တော်လှန်ရေးအင် အားစုတွေနဲ့လည်း စစ်ရေးပဋိပက္ခမဖြစ်အောင် အထူးထိန်းသိမ်းနေတာကြောင့် နှစ်ဖက်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့နယ်မြေတွေကိုရှောင်ပြီး လုံခြုံရေးလှည့်လည်နေတာလို့ သူကထောက်ပြပါတယ်။

အခုလို မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေ မွန်ဒေသအတွင်း လုံခြုံရေးကင်းလှည့်နေတာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က မွန်ပြည်သစ်ပါတီဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်ဖွဲ့ချင်းဖြစ်စေ၊ အခြားသော အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)တို့နဲ့ ဖြစ်စေ ၆ ကြိမ်အထိ ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Moe Kyaw Thu

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.