ကျိုက်ထို၊ ဇူလိုင်(၁၆)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေရွာနဲ့ ကညင်အိုင်ကျေးရွာအကြား ဝက်ဝံတောင်ဘက်မှာ နွားကျောင်းသွားတဲ့ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက ဝါးဒက်ကွင်းကျေးရွာနေ အသက် ၁၂ အရွယ် မောင်အေးချမ်းဟာ နေအိမ်ကနေ နွားကျောင်းထွက်စဉ် ဝက်ဝံတောင် အရိုးအိုးလမ်းဆုံအရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် မောင်အေးချမ်းဟာ ညာဘက်ခြေထောက်နဲ့ပေါင်တွေမှာ ပြင်းထန်ဒဏ်ရာရရှိပြီး နေရာမှာပဲသေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ နွားကျောင်းသား မောင်အေးချမ်းကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့မှာ မီးသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

မောင်အေးချမ်း မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့နေရာဟာ စစ်ကောင်စီတပ်စိုးမိုးထားတဲ့ နယ်မြေဖြစ်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းမိတာအပြင် လက်နက်ကြီးကျလို့ ဒေသခံအရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိတယ်လို့ KNU သထုံခရိုင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.