အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံအင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်သုံးသပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂ နှစ် ကျော်ကြာတဲ့အထိ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်သေးတဲ့ အခြေအနေ၊ ထိရောက်မှုရှိအောင် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနနဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူ ညီချက် ၅ ရပ်ကို ဘာကြောင့် အကောင်အထည် မဖော်နိုင်သေးဘူးလို့ မြင်လဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

လက်ရှိအနေအထား နှစ်နှစ်ကျော်မှာ အာဆီယံဘုံသဘောတူညီချက်က ပထမနှစ်ဧပြီလောက်မှ ထွက်တာပေါ့။ စစ်ကောင်စီဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့တွေ့ပြီးတော့မှ သူတို့ဆုံးဖြတ်ခဲ့တဲ့ဟာ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းမှာ အခု လက်ရှိထိ သိသာတဲ့တိုးတက်မှုမတွေ့သေးဘူး။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုတဲ့ အခု အာဆီယံဥက္ကဌသက်တမ်း ပြီးခဲ့တဲ့သက်တမ်းရော၊ အခုအင်ဒိုနီးရှားသက်တမ်းမှာရော၊ သူတို့ပြောနေတာ ထိရောက်အောင် လုပ်စေချင်တယ်။ ထိရောက်အောင်လည်းသေချာရေးဆွဲဖို့ဟာလည်း  အခုချိန်ထိ သူတို့မလုပ်နိုင်သေးဘူး။ ဘာမှအကောင်အထည် မဖော်နိုင်သေးဘူးလို့ပြောလို့ရတယ်။ အခုသူတို့လုပ်နိုင်တာက အင်ဒိုနီးရှား ဥက္ကဌဖြစ်တဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့ဟာလေးတွေ လုပ်ကြတယ်။ တွေ့ဆုံဆွေးနွေးမှုကနေ သိသာထင်ရှားတဲ့ရလဒ်က အခုချိန်ထိ မထွက်လာသေးဘူး။

၂။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ လိုလားတာ တွေ့ရပါတယ်။ ဒါကရော ဘယ်လောက်ထိလက်တွေ့ကျပြီး ဖြစ်လာနိုင်သလဲ။

ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့လက်တွေ့မှာ ထိရောက်တဲ့ အဖြေဆိုတာက စစ်ကောင်စီပြုတ်ကျရေးပြီးရင် မင်းအောင်လှိုင်ကို ထောင်ချဖို့ပေါ့။ သူတို့ပိုမျှော်လင့်ကြတယ်။ အပြုတ်တိုက်ရေးပေါ့။ စစ်တပ်အဖွဲ့အစည်းပြုတ်ကျအောင် ရည်မှန်းထားကြတယ်။ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံသစ်တစ်ခုကို ထူထောင်မယ်ဆိုတဲ့ မျှော်မှန်းချက်ရှိတယ်။ ပြည်ပရဲ့ပယောဂကြောင့် ဆူပူအုံကြွမှုဖြစ်တယ်။ အဲဒါကို ထိန်းသိမ်းမယ်။ ပြီးရင်းတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမှာက သူတို့ရဲ့ မျှော်မှန်းချက် ဖြစ်တယ်။

နိုင်ငံတကာအနေနဲ့ အာဆီယံက မြန်မာ့အရေးကို တွေ့ဆုံညှိနှိုင်းမယ်။ အဖြေရှာကြမယ်။ နိင်ငံရေးသဘော ညှိနှိုင်းရေးသဘောနဲ့ တည်ငြိမ်အောင် အာဆီယံဒေသတွင်းမှာ စီစဉ်ဆောင်ရွက်မယ့် မျှော်မှန်းချက်ဖြစ်တယ်။ အဲဒီမျှော်မှန်းချက်၃ခုက တစ်ခုနဲ့တစ်ခုဆက်စပ်မှုမရှိဘူး။ မတူတဲ့ကြားထဲမှာ ရှေ့ရောက်ဖို့က အင်မတန်မှ လေးနေသေးတယ်။ ဘယ်လိုမှ ရှေ့ရောက်မှာ မဟုတ်ဘူး။ မျှော်မှန်းချက်တွေက မတူနေကြဘူး။

၃။ အာဆီယံအနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

အာဆီယံအနေနဲ့ သူလုပ်သင့်တဲ့ကိစ္စက အများကြီးရှိတာပေါ့။ အဓိကက ဘယ်အခြေပြုပြီး စဉ်းစားမှာလဲ။ ကျွန်တော်တို့က အရေးကြီးတာပေါ့။ စစ်တပ်ရဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည့်တံ့ခိုင်မြဲရေးကို စဉ်းစားမှာလား။ တော်လှန်ရေးခေါင်းစဉ်အောက်မှာ ရှိနေတဲ့ စစ်မှန်တဲ့တရားမျှတတဲ့ လူထုထောက်ခံတဲ့ အစိုးရပေါ်ပေါက်လာရေး ကိုစဉ်းစားမှာလား။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ပြည်သူအခြေပြုတဲ့ ပြည်သူကတင်မြှောက်တဲ့ ပြည်သူကကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ ကိုယ်ပိုင်လွတ်လပ်စွာ အုပ်ချုပ်စီမံပိုင်ခွင့်ရှိတဲ့ အစုအဖွဲ့ပေါ်ပေါက်လာဖို့ကို စဉ်းစားမှာလားဆိုတာ ကွဲလွဲမှုရှိသွားမယ်။ တဖက်မှာက အာဆီယံကကန့်သတ်မှုက ပထမဖွဲ့စည်းမှုပုံစံနဲ့ချာတာပေါ့။ သူတို့အားလုံးချိတ်ဆက်နိုင်မှ ဆုံးဖြတ်ချက်ချလို့ရတယ်။ သဘောတူညီချက် လမ်းကြောင်းအတိုင်း အကောင် အထည်ဖော်လို့ ရနိုင်တယ်။ အဲဒါချာတာရဲ့ ကန့်သတ်မှု။ ပြီးရင် အာဆီယံဒေသတွင်းမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို မစွက်ဖက်ဖို့၊ ပြည်တွင်းအရေးကို မစွက်ဖက်ဖို့ဆိုတဲ့ ဘောင်ကန့်သတ်မှုရှိလာတယ်။

အဲဒီကန့်သတ်မှုတွေ ရှိနေတဲ့အချိန်မှာပဲ။ အာဆီယံဒေသတွင်းမှာရှိနေတဲ့ နိုင်ငံတွေရဲ့ ရပ်တည်မှုပုံစံနဲ့ သူတို့ရဲ့ နိုင်ငံရေးခံယူချက်ကလည်း မတူကြဘူး။ အာဆီယံမှာတော့ တစ်ဝက်တပျက် အာဏာရှင်ဆန်တဲ့နိုင်ငံ တွေလည်း ရှိတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတွေလည်းရှိတယ်။ အာဆီယံဒေသထဲက နိုင်ငံတွေမှာ လည်း ရုန်းကန်နေကြရဆဲရှိသေးတယ်။ အင်ဒီုနီးရှား၊ မလေးရှားတို့ ရပ်တည်ချက်က သူတို့ဘုံသဘောထားက ဒီမိုကရေစီနှုန်းက အနောက်နိုင်ငံတွေနဲ့ ရပ်တည်မှုသဘောထား တူညီမှုနဲ့ ရပ်တည်တဲ့သဘောရှိကြတယ်။

ကမ္ဘောဒီယား၊ စင်ကာပူတို့က ရပ်တည်မှုက သီးသန့်ရပ်တည်မှုရှိတယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက စီးပွားရေးအခြေပြုပြီး ရပ်တည်တဲ့ ပုံစံမျိုးနဲ့ ရပ်တည်တဲ့ သဘောထားရှိတယ်။ အာဆီယံထဲမှာရှိတဲ့ မန်ဘာတွေ ကိုယ်တိုင်က ရပ်တည်မှုပုံစံ ၊ စဉ်းစားမှုပုံစံ မြန်မာ့အရေးကို ရှုမြင်မှုပုံစံက မတူကြဘူး။ မတူတဲ့အတွက် အာဆီယံ အနေနဲ့ လုပ်မယ်ဆိုရင် ကန့်သတ်မှု အများကြီးရှိမယ်။ သူတို့အတွင်းမှာ စုစည်းဖို့ အင်မတန်ကြိုးစားရလိမ့်မယ်။

၄။ အာဆီယံထဲမှာလည်း မြန်မာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲတာတွေ ရှိနေတယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဒီနိုင်ငံရေးကိစ္စစဉ်းစားကြတဲ့အခါမှာ ဒီနိုင်ငံတကာ စဉ်းစားကြတဲ့ဟာက စည်းနဲ့ဘောင်နဲ့ ရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းဆိုတဲ့ဟာ ဒါကယေဘုယျအားဖြင့် နိုင်ငံတကာအတော်များများ လက်ခံထားတဲ့ စံနှုန်းဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ စဉ်းစားလိုက်မယ်ဆိုရင် သူ့တို့အတွက် တစ်ခုက တွေ့ဆုံ ဆွေးနွေးရေးနဲ့ အဖြေရှာရေးကို တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးလမ်းကြောင်းအရ သွေးမထွက်တဲ့နည်းလမ်းအရ အစုအဖွဲ့တွေကြားထဲမှာ ညှိနှိုင်းအဖြေရှာမယ်။ ယေဘုယျအားဖြင့် လက်ခံပြီးသား လမ်းကြောင်းဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ တွန်းနေကြတာ တွေ့ရတယ်။ ဘယ်နိုင်ငံကမှ  လက်နက်တွေ ပေးလိုက်ပါ။ စစ်ကောင်စီကို အပြုတ်တိုက်ပါလို့ ပြောမှာမဟုတ်ဘူး။ နောက်ကွယ်မှာ သူတို့ဖြစ်နေတာ ရှိကောင်းရှိလိမ့်မယ်။ ဒါကဘယ်သူမှဝန်ခံပြီး လုပ်သင့်တဲ့လမ်းကြောင်း ပြောကြမှာမဟုတ်ဘူး။ ဒါကအခု လက်ရှိရှိနေတဲ့ အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်နဲ့ မူဘောင်တွေကြားမှာ စဉ်းစားချက်မူဘောင်ဖြစ်တယ်။ စစ်တပ်ကလည်း ဒီဘက်က ထကြွသောင်းကျန်းနေတဲ့ ပုန်ကန်နေတာကို အကုန်ထိန်းသိမ်းမယ်။

ရအောင်ဦးတည်ချက်နဲ့ ဆောင်ရွက်နေတယ်။ တဖက်ကလည်း စစ်တပ်ကို အပြုတ်တိုက်မယ်။ စစ်တပ် လုံးဝပျက်သုန်းရေးဆိုတဲ့လမ်းစဉ်ကို သူတို့ဦးတည်နေတယ်။ အခြေအနေနဲ့ စဉ်းစားမှုပုံစံတူမနေတဲ့အချိန်မှာ တိုက်ပွဲပဋိပက္ခအတွက် ကုန်ကျနေတာတွေကို အကုန်ကျခံနိုင်နေသ၍ ဒီဘက်နိုင်ငံတကာက ပြောနေတဲ့ စံနှုန်း ပေါ်ကို အတော်များများ တက်လာဦးမှာ မဟုတ်ဘူး။ တော်လှန်ရေးကို ထောက်ပံ့တဲ့အရင်းမြစ်တွေ ပန်းသွားကြပြီဆိုရင် နိုင်ငံတကာရဲ့လမ်းကြောင်းပေါ်မှာ အသားစီးရတဲ့အခြေအနေမျိုးနဲ့ ဘယ်လိုညှိမလဲ ဆိုတဲ့ဟာ ကို စစဉ်းစားလာနိုင်တယ်။

နာဂစ်ပြီးချိန် ၂၀၁၀ရွေးကောက်ပွဲလုပ်လာချိန် ၂၀ ၁၂မှာ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါလာတော့ အဲဒီ သာဓကပုံစံပေါ့။ အဲဒီအချိန် ဘယ်အချိန်ပြန်ရောက်မလဲဆိုတာ ကျွန်တော်မသိဘူး။ အဲဒီအချိန်ပြန်ရောက်ရင် နိုင်ငံရေးပြောင်းလဲမှုပုံစံမျိုး  ပဋိပက္ခချုပ်ငြိမ်းပြီး တကယ်အပြောင်းအလဲ ဟိုဘက်ဒီဘက်အားပြိုင်ပြီး ဆွေးနွေး ညှိနှိုင်းတာရှိလာနိုင်မယ်လို့ မြင်တယ်။

 ၅။ နောက်ဆုံးအနေနဲ့ အာဆီယံရဲ့မြန်မာ့အရေး လုပ်ဆောင်ချက်တွေက မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့ပါသလဲ။

အာဆီယံရဲ့ သက်ရောက်မှုက တော်တော်ပြောရခက်တယ်။ သုံးသပ်မှုတွေလည်း ရှိတယ်။ အာဆီယံကိုယ်တိုင် က စဖွဲ့တည်းက ကွန်မြူနစ်အတွေးအခေါ်နဲ့ ဝါဒနဲ့ ကွန်မြူနစ်အစိုးရ ရှင်သန်လာမယ့်ကိစ္စ တားဆီးဟန့်တားဖို့ အတွက် ဖွဲ့ထားတဲ့ အစုအဖွဲ့ဖြစ်တယ်။ အဲဒီပုံစံခံယူချက်နဲ့ စုဖွဲ့ထားပြီးတော့ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့အ ချိန်မှာ ၁၉၈၈နောက်ပိုင်းမြန်မာနိုင်ငံမှာ အာဆီယံထဲပေးမဝင်ဖို့ ဆန့်ကျင်မှုတွေ ရှိခဲ့ဖူးတယ်။ အဲဒီအချိန်က ရှိခဲ့တဲ့ စစ်အစိုးရကလည်း အာဆီယံနဲ့ချိတ်ဖို့ သူကြိုးစားရုန်းကန်ပြီးတော့ မန်ဘာဖြစ်အောင် လုပ်လာနိုင်ခဲ့တယ်။ 

အာဆီယံဒေသတွင်းမှာ ရှိတဲ့အဖွဲ့ဝင်နိုင်ငံတွေကိုကြည့်ရင် အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီဟန်ဆောင်နေတဲ့ နိုင်ငံတော်တော်များတယ်။ အာဆီယံအနေနဲ့ သူတို့လုပ်ခဲ့ဖူးတဲ့ မှတ်တမ်းကြည့်မယ်ဆိုရင် အုပ်ချုပ်သူလူတန်း စားတွေပဲ တွေ့ဆုံပြီးဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြောတာဆိုတာတွေ ရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်တာစဉ်းစားတာ နောက်ကျတယ်။  အဖွဲ့ဝင်နိုင်ငံမှာရှိတဲ့ အခြေခံလူတန်းစားတွေ အတွက် စဉ်းစားဆွေးနွေးတာ မရှိသလောက်ပဲ။

များသောအားဖြင့် အရပ်ဖက်အဖွဲ့စည်းကို သုံးမိနစ်လောက်ပေးပြောပြီး ခေါင်းဆောင်တွေကနားထောင်တယ် ဆိုတာလောက်ပဲ။ နားထောင်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလာတဲ့ အကြံပြုချက်ကို ပြန် လည်အကောင်အထည်ဖော်တာ သမိုင်းမှာမရှိခဲ့ဘူး။ အာဆီယံကိုယ်တိုင်က သူတို့ရဲ့အုပ်ချုပ်သူ လူတန်းစား အတွက် လည်ပတ်နေတဲ့ အစုအဖွဲလို့ ပြောမယ်ဆို ပြောလို့ရတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့အဖြေကို အာဆီယံကနေ ဖော်ဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.