နေပြည်တော်၊ ဇူလိုင်(၁၅)
နိုင်ငံတဝန်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် လို အပ်ချက်တွေ ရှိနေသေးတယ်လို့ စစ်ခေါင်းဆောင်ပြောဆိုမှုဟာ အရေးပေါ်ကာလ သက်တမ်းထပ်မံတိုးယူမယ့် အခြေအနေဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသွားတာပါ။
စစ်ခေါင်းဆောင်က ရှေ့လုပ်ငန်းစဉ်ထဲက အရေးကြီးဆုံးအချက်မှာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝလုံ ခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့ အလေးထားရမယ့် အချက်ဖြစ်တယ်လို့ ဆိုပါတယ်။
အခုနှစ် ၇ လ နီးပါးအတွင်း ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၀ ကျော် ရှိခဲ့သ လိုအကြမ်းဖက်ဖြစ်စဉ်တွေ လျော့သွားပေမယ့် ဆက်လက်ဖြစ်ပွားနေတာ တွေ့ရှိရတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့ကြောင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး အပြည့်အဝအ ကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် တိုင်းပြည်တည်ငြိမ်မှု မရှိသေးတဲ့အတွက် စစ်ခေါင်းဆောင်ပြောဆိုချက်ဟာ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးဖို့ ဖြစ်တယ်လို့ သုံးသပ်တာပါ။
“သူက (စစ်ခေါင်းဆောင်) အဲဒီအခြေအနေတုန်းက တစ်နိုင်ငံလုံးမှာ ပြည်သူလူထုက လွတ်လွတ်လပ်လပ်မဲပေးဖို့ အခြေအနေမရှိသေးလို့ဆိုပြီး သက်တမ်းတိုးယူထားတာ။ သက်တမ်းတိုးယူထားပြီးတော့ အခုခြောက်လပြည့်ခါနီးတော့လည်း အခုကြည့်ရတာ အခြေအနေက ပိုကောင်းမလာဘူး။ ပိုကောင်းမလာတဲ့အတွက်ကြောင့် သက်တမ်းတိုးရုံပဲ ရှိတော့တာပေါ့”လို့ သူက ဆိုပါတယ်။
နိုင်ငံဟာသာမန်အခြေအနေမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ ကာလုံအစည်းအဝေးကနေ အရေးပေါ်ကာလသက်တမ်း ၆ လ တိုးယူထားတဲ့ စစ်ကောင် စီအနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူ (၁) ဦးအောင်ဆန်းမြင့်ကလည်း စစ်ကောင်စီအနေနဲ့ အာဏာဆက်လက်တည်မြဲရေးအတွက် တနည်းတဖုံလုပ်ဆောင်မှာဖြစ်ပြီး တရားမဝင်တဲ့အာဏာကို ဆက်ထိန်းဖို့ကြိမ်းသေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဏာသိမ်းမှု ဇူလိုင်လမှာကုန်တာပဲပြောပြော၊ သူတို့တနည်းတဖုံတော့ အာဏာဆက်လက်တည်မြဲရေးအတွက် လုပ်လာမှာပေါ့။ လုံးလုံးကြီး (အာဏာ) လွှတ်ပေးလိုက်မှာ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း သူတို့လက်ထဲမှာ ရှိတယ်လေ။ ဘယ်လောက်ပဲ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြဌာန်းပြဌာန်း၊ အခုကလည်း ဖွဲ့စည်းပုံထက်ကျော်လွန်ပြီးမှ သူတို့အာဏာသိမ်းထားတာပဲလေ။ ဆိုတော့ သူတို့ကလိုသလိုပဲပေါ့ သူတို့လက်ထဲမှာ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် တရားမဝင်တဲ့အာဏာကို ဆက်လက်ထိန်းထားဖို့ ကြိမ်းသေပါတယ်”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အဆိုးဝါးဆုံး အခြေ အနေဖြစ်ပေါ်နေတဲ့အတွက် လုံခြုံရေးကို အခုထက်ပိုလုပ်ဖို့ လိုအပ်သလို လုံခြုံရေးတာဝန်ထမ်းဆောင်ချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြောသွားပါတယ်။
ရှေ့လုပ်ငန်းစဉ်တွေထဲက နောက်ဆုံးအချက်ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးရင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်နိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အလေးထားလုပ်ဆောင်သွားရမယ်လို့ သူက ဆိုထားပါတယ်။
ဒါပေမဲ့ နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်မှုကနေ ထိုးစစ်တိုက်ပွဲတွေအထိ ဆင်နွှဲလာနိုင်သလို နယ်မြေတချို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတာပါ။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်မေလအထိ နိုင်ငံအနှံ့မှာ တိုက်ပွဲပေါင်း ၉၅၀၀ ကျော်အထိ ဖြစ်ပွားထားတယ်လို့ ဇွန် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI