ရေး – ဇူလိုင်(၁၅)

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ တပ်ရင်းတချို့ကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စ.က.ခ(၁၉) အပါအဝင် ရေး-ထားဝယ်ကားလမ်းရှိ ခြေလျင်တပ်ရင်း ခလရ(၆၁) နဲ့ အမှတ် (၃၁၆) အမြောက်တပ်တို့ကို တော်လှန်ရေးအင်အားစုတွေက မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ SF-Z (မောင်းသူမဲ့)လေယာဉ်အမျိုးအစားနဲ့ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ Ye Air Force – Stealth Fighter တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ တောင်ပိုင်းစစ်ဒေသခွဲ-၃ ရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်ဖော်ဆောင်ရေးအတွက် စစ်ရေး ရည်မှန်းချက်တစ်ခုအား ဖော်ဆောင်ခြင်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီစစ်ဆင်ရေးကို မွန်-တနင်္သာရီအခြေစိုက်တော်လှန်ရေးမဟာပူးပေါင်းတပ်ဖွဲ့တွေ ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ YAF၊YDF၊ထားဝယ်ခရိုင်အမှတ်-၂ တပ်ရင်း(T-5)၊ဒေါနစစ်ကြောင်းနဲ့ ABSDF တပ်ရင်း-၁ တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေး ဖြစ်တယ်လို့ သိရပါတယ်။

မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတစ်ခု ဖြစ်သလို စစ်ကောင်စီရဲ့ တပ်ရင်းနဲ့ တပ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရလို့ လုံခြုံရေး အထူးတင်းကြပ်ထားရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YAF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.