မြိတ်၊ ဇူလိုင်(၁၅)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းမှာ ထိုင်းရွှေနဲ့စားသောက်ကုန်တွေကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းဖမ်းဆီးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

မြိတ်မြို့နယ်အတွင်းမှာ လာမယ့် ဇူလိုင် ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း နေပြည်တော်စစ်ဆေးရေးအဖွဲ့တွေက ထိုင်းရွှေနဲ့ပစ္စည်းတွေကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အဲဒီသတင်းကြောင့် ရွှေဆိုင်တချို့မှာ ထိုင်းရွှေရောင်းချမှု ယာယီပိတ်ထားသလို ထိုင်းကုန်ပစ္စည်း ဝယ် ယူရောင်းချနေတဲ့ ကုန်သည်တချို့ကလည်း ကုန်ပစ္စည်းမှာယူတင်သွင်းမှုတွေကို ရပ်နားတာတွေ ရှိလာတယ်လို့ သိရပါတယ်။

အခွန်မဆောင်ထားတဲ့ ကုန်ပစ္စည်းတွေအပြင် တရားမဝင်ကုန်ပစ္စည်းတွေကိုပါ ဖမ်းဆီးမယ်ဆိုတာကြောင့် အားလုံးစိုးရိမ်နေရတယ်လို့ လုပ်ငန်းရှင်တစ်ဦးကတော့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြိတ်မြို့ဟာ တနင်္သာရီတိုင်းရဲ့ စီးပွားရေးမြို့ဖြစ်ပြီး ဒေသတွင်းမှာတော့ ထိုင်းကုန်ပစ္စည်းတွေကို အ များဆုံးအသုံးပြုနေတာဖြစ်ပြီး ဒေသထွက်ရေထွက်ကုန်တွေကိုလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေတာ တွေရှိနေပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ မြန်မာအရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်း

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.