ဘော်လခဲ – ဇူလိုင်(၁၅)

ကယားပြည်နယ်၊ဘော်လခဲခရိုင်၊ရွာသစ်မြို့ထဲကို စစ်တပ်ဝင်ရောက်တပ်စွဲပြီးနောက် ဒေသခံတွေကို မြို့ပြင်ပေးမထွက်တော့တဲ့အတွက် ပြည်သူ(၅၀၀) ကျော်ပိတ်မိနေပြီး အပြင်ထွက်ဖို့ ကြိုးပမ်းသူတွေကို ပစ်ခတ်သတ်ဖြတ်ထားတာ (၆)ဦးအထိရှိနေပြီလို့ ကရင်နီအစိုးရအဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က စစ်ကောင်စီတပ်ဟာ ရွာသစ်မြို့အရှေ့ဘက်က မဝင်ရောက်ဘဲ မြို့ကိုဝိုင်းပြီး ဘက်ပေါင်းစုံက ဝင်ရောက်ခဲ့တဲ့အတွက်ပြည်သူတွေပိတ်မိနေတာပါ။

လက်ရှိမှာတော့ ပိတ်မိနေတဲ့ အရပ်သားတွေဟာ မြို့ကိုဝင်ထွက်ခွင့်ရဖို့ စစ်တပ်ရဲ့ ခွင့်ပြုချက်တောင်းခံနေရပြီး အပြင်ခိုးထွက်သွားသူတွေကိုတော့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ခံနေရတယ်လို့ ကရင်နီပြည် ကြားကာလအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဗညားက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“အပြင်ထွက်ဖို့အတွက်က ခွင့်ပြုချက်ရမှထွက်လို့ရတဲ့ဟာမျိုးပေါ့။ခွင့်ပြုချက်မရပဲ ကိုယ့်စိတ် နဲ့ကိုယ်ထွက်တာဆိုရင် အပစ်ခံရတာတွေရှိတယ်။ (၆)ဦးသေဆုံးသွားတယ်လို့ ကျွန်တော်တို့ ကြားထားတာရှိတယ်။ အဲဒီကနေထွက်လာနိုင်တဲ့သူမရှိသလို ထွက်လာနိုင်သူတွေ ကလည်း အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲကြောင့်အတော်လေးခက်ခဲပါတယ်” လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်ကောင်စီဟာ မြို့ပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့ အရပ်သား(၂)ဦး ကိုပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာတွေလည်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာတော့ မြို့ထဲမှာပိတ်မိနေသူအများစုဟာ ဘုန်းကြီးကျောင်းတွေမှာ စုပြီးနေထိုင် နေတယ်လို့ သိရပြီး ရိက္ခာအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်အခြေစိုက်ထားတဲ့ နေပြည်တော်နဲ့ နီးကပ်နေတဲ့ ကယားပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာသလို နယ်မြေဆုံးရှုံးမှုတွေများလာတဲ့ အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်တာတွေအပြင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ စစ်ကောင်စီကြောင့် ပြည်သူ (၁၀၀) ကျော်သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူသေဆုံးမှုဟာ ဒီထပ်များနိုင်တယ်လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.