နေပြည်တော်၊ ဇူလိုင်(၁၅)
စစ်ကောင်စီဗဟိုဘဏ်က ကန့်သတ်ထားတဲ့ ပို့ကုန်ရငွေလဲလှယ်ရမယ့် ရာခိုင်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိ ပြောင်းလဲသတ်မှတ်ပေးလိုက်ပေမယ့် မြန်မာ့စီးပွားရေးအပေါ် ထိရောက်မှုမရှိနိုင်ဘူးလို့ စီးပွား ရေးပညာရှင်တွေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ အရင်ကပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ် မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်း အလုပ်လုပ်ရက်တစ်ရက်အတွင်း မဖြစ်မနေလဲလှယ်ရမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ ရက် ၃၀ အတွင်း မိမိတို့ကိုယ်တိုင် လွတ်လပ်စွာသုံးစွဲခွင့်ရှိသလို တခြားသူကိုလွှဲပြောင်းတာ၊ AD လိုင်စင်ရဘဏ်တွေမှာ ရောင်းချတာတွေ ပြုလုပ်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒါပေမဲ့ စစ်ကောင်စီဗဟိုဘဏ်က အရင်သတ်မှတ်ထားတဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်း လဲလှယ်ရမယ်ဆိုတဲ့ ညွန်ကြားချက်အစား ၅၀ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ဖြေလျှော့မှုဟာ ပို့ကုန်ကဏ္ဍကျဆင်းနေလို့ လုပ် ဆောင်တာဖြစ်ပေမယ့် ထိရောက်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ဝေဖန်တာပါ။
“သူကတော့ ပို့ကုန်ကျလာလို့ ပို့ကုန်ဖြေလျော့ပေးတယ်လို့ပဲ တွေ့ရတာပဲလေ။ အမှန်ကတော့ အဲဒီပေါ်လစီကိုယ်တိုင်ကိုက ပို့ကုန်ကိုသတ်နေတဲ့ ပေါ်လစီလို့မြင်တယ်။ သူတို့ကို မဖြစ်မနေရောင်းရမယ်ဆိုပြီး သွားလုပ်ထားတော့ ပို့ကုန်ကတဖြည်းဖြည်းနဲ့ကျလာတယ်။ ဖြေလျော့မှုပေးတဲ့ သဘောမျိုး (၅၀) ရာခိုင်နှုန်း ပြန်လျော့ပေးလိုက်တယ်လို့ ယူဆရတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းကလို ပို့ကုန်ငွေတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက်ပြီးလို့ ရှိရင် (၂၀) (၂၅) ရာခိုင်နှုန်း အဲဒီလောက်အများဆုံးပဲ အစိုးရကထိန်းချုပ်ဖို့ ကောင်းတယ်။ အရင်တုန်းကဆိုရင် ဒီငွေလဲနှုန်းတွေမှာ ပို့ကုန် ရငွေတွေက အမြင့်ဆုံးပဲ။ ဆိုတော့ အခုက (၅၀) ရာခိုင်နှုန်း လွှတ်ပေးလိုက်တယ်ဆိုပေမယ့် ကျန်တဲ့ (၅၀) ရာခိုင်နှုန်းကို အခုကသိတဲ့အတိုင်း အပြင်မှာလည်း ပြင်ပပေါက်ဈေးနဲ့ အရောင်းအဝယ်လုပ်နေတဲ့ဟာတွေ ငွေလဲကောင်တာတွေလည်း လိုက်ပိတ်တယ်။ အပြင်ပေါက်ဈေးနဲ့ အရောင်းအဝယ်လုပ်တဲ့ သူတွေလည်း လိုက်ဖမ်းဆိုတော့ တဖက်ကလွှတ်ပေမယ့် တဖက်ကအဲဒီလိုပြန်ပြီးတော့ ညစ်ထားတဲ့သဘောမျိုးတော့ ဖြစ်နေတယ်၊ ဆိုတော့ နည်းနည်းပါးပါးတော့ ဖြေလျော့မှုတွေ ရှိရင်ရှိမှာပေါ့၊ ဒါပေမယ့် တကယ်ထိရောက်တဲ့ နည်းလမ်းတွေတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။မြန်မာနိုင်ငံဟာ ပို့ကုန်အနေနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကိုသာ အဓိကပို့ဆောင်နေတာကြောင့် လက် ရှိကာလဟာ မိုးရာသီဖြစ်တဲ့အတွက် အခုလိုဖြေလျှော့လိုက်ပေးပေမယ့် ပို့ကုန်ကဏ္ဍအတွက် ထိရောက်မှု မရှိနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီက ဖြေလျှော့ပေးမှုကြောင့် နည်းနည်း သက် သာတာလောက်ပဲရှိသလို မြန်မာ့စီးပွားရေးတစ်ခုလုံးအပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုက (၅၀) (၅၀) ဖြစ်သွားတော့ ပို့ကုန်သမားတွေအတွက် အနည်းဆုံးတော့ (၁၅) ရာခိုင်နှုန်း သက် သာသွားတယ်။ ကျွန်တော်တို့က ပို့ကုန်သွင်းကုန်ကဏ္ဍတွေဘဲ မဟုတ်ဘူးဗျ။ နိုင်ငံ့စီးပွားရေးတစ်ခုလုံးက အဖက်ဖက် သူဘာသူအကျပ်အတည်းတွေ ရှိကြတယ်လေ။ ပြည်ပပို့ကုန်တစ်ခုတည်း မဟုတ်ဘူး။ ပြည်တွင်းထုတ်ကုန်တွေမှာလည်း အဲဒီလိုအခက်အခဲလေးတွေရှိတယ်။ နယ်မြေမငြိမ်ချမ်းတာတို့၊ ပြီးတော့ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေ၊ တချို့နေရာတွေ လမ်းတွေပိတ်ဆို့ နေတာတွေ၊ တချို့ဒေ သတွေဆိုရင် မစိုက်ပျိုးမထုတ်လုပ်နိုင်တာတွေ ရှိတယ်လေ။ စီးပွားရေးကျတော့ ဒေါ်လာဈေးတို့ (၅၀) (၅၀) တို့လောက်နဲ့ တွက်လို့မရဘူး။ အခုကတော့ သေချာပေါက် ဗေဒင်လည်းမေးစရာမလိုဘူး၊ သီအို ရီသမားလည်း မေးစရာမလိုဘူး။ စီးပွားရေးက စီးပွားရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးက အဖက်ဖက်မှာ အခက်အခဲတွေရှိတယ်၊ အဲဒီအတွက် အရင်တုန်းကလောက်တော့ မကောင်းဘူးပေါ့”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ပို့ကုန်ကဏ္ဍကို ထိန်ချုပ်ဖို့အတွက် အရင်ကပို့ကုန်လိုင်စင် လျှောက် ထားရန်မလိုတဲ့ ကုန်စည်လိုင်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ပို့ကုန်လိုင်စင် လျှောက်ထားဖို့ ညွှန်ကြားထားတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍဟာ အခုနှစ်ဧပြီလနဲ့မေလ နှစ်လတာကာလအတွင်း ပို့ကုန်သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၁၂၀၀ ကျော် လိုငွေပြနေတယ်လို့ စစ်ကောင်စီ စီးပွား ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ ပို့ကုန်တွေအနေနဲ့ ဆန်နဲ့ဆန်ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော် ဘာနဲ့ ရေထွက်ကုန်တွေအပြင် တခြားစိုက်ပျိုးရေး ထွက်ကုန်တွေကို တရုတ်၊ထိုင်းအပါအဝင် ပြည်ပနိုင်ငံတချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media