ဆော – ဇူလိုင်(၁၅)

မကွေးတိုင်း၊ဆောမြို့နယ် လောင်းရှည်ဒေသ ရင်းကဲရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့နေတာကြောင့် ပြည်သူတွေထွက်ပြေး နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရင်းကဲကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် အသက်(၁၂) နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး အိမ်(၃၀၀) ကျော်မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရင်းကဲရွာကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ မီးလောင်ဗုံးလို့ ယူဆရတဲ့ လက်နက်ကြီးတွေဖြစ်တယ်လို့ သိရပါတယ်။

“မီးခိုးလုံးတွေတော့မြင်ရတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိတယ်။ လောင်းရှည် နဲ့ ကျင်ဒွေးသွားတဲ့လမ်းပေါ်မှာဖြစ်နေတာ။ ကျွန်တော်တို့လည်း ဂရုစိုက်နေနေရတယ်လို့။” ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကြောင်းဟာ ပခုက္ကူဘက်ကလာတဲ့ အင်အား(၃၀၀) ကျော်ပါဝင်တဲ့ စစ်ကြောင်းဖြစ်ပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကို ရိက္ခာပို့မယ့် စစ်ကြောင်းဖြစ်တယ်လို့ ခန့်မှန်းတာတွေရှိနေပါတယ်။

အဲဒီစစ်ကြောင်းမှာ သံချပ်ကာကား(၃)စီးအပါအဝင် ကားအစီ(၃၀) ဝန်းကျင်နဲ့ ရိက္ခာတွေ ါလာပြီး ပခုက္ကူ-တညောင်-ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာကနေ လောင်းရှည်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်း ရှေ့တိုးဖို့ခက်နေပြီး ဖြည်းဖြည်းချင်းသာ ရွှေ့နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းဦးတည်နေတဲ့ ကန်ပက်လက်မြို့မှာလည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေ ဂရုစိုက်သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.