ဝါရှင်တန် – ဇူလိုင်(၁၅)

မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ်မှာ စစ်ကောင်စီတပ်ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့က ပြုလုပ်တဲ့ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး Open Debateပြုလုပ်ချိန်မှာ အခုလို ပြောခဲ့တာပါ။

စစ်တပ်ဟာ သူတို့တပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆန္ဒအလျဉ်းမရှိတဲ့အပြင် ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်တာတွေ မလုပ်ဘဲ ကာကွယ်ပေးထားတာဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။

အဲဒါကြောင့် စစ်တပ်ရဲ့ ပြစ်ဒဏ်ကျခံရတာက ကင်းလွတ်နေတာကို အပြီးတိုင် ချုပ်ငြိမ်းစေဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် အဆိုကို အချိန်နဲ့ တပြေးညီ ချမှတ်နိုင်အောင် တင်လုပ်ဆောင်ပေးဖို့လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို သံအမတ်ကြီးက တိုက်တွန်းထားပါတယ်။

လက်တလောမှာတော့ ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေက အရပ်သား အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်နေတယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာနဲ့တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်တယ်လို့ သံသယဖြစ်ရတဲ့ တရားခံစာရင်းမှာ မြန်မာစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေကို အခုနှစ်အစီရင်ခံစာမှာ မှန်ကန်စွာ ထည့်သွင်းထားတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တို့ကို ကျေးဇူးတင်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.