ရေး၊ ဇူလိုင်(၁၅)
မွန်ပြည်နယ်၊ ရေးမြို့နယ်နှစ်ကရင်ကျေးရွာထဲမှာ စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က နှစ်ကရင်ရဲစခန်းမှာ နေထိုင်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ နှစ်ကရင်ကျေးရွာထဲမှာ ဝင်ရောက် တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က နှစ်ကရင်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးနေတာကြောင့် ဒေသခံ ၂၀၀၀ ကျော်လောက်ဟာ ရေးမြို့ပေါ်အပါအဝင် ဆွေမျိုးတွေရှိရာ ကျေးရွာတွေကို ထွက်ပြေးတိမ်ရှောင်သွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်ကရင်ဒေသခံတွေဟာ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဆက်လက်တပ်စွဲထားတာကြောင့် နေရပ်မပြန်ရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နှစ်ကရင်ကျေးရွာဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ရက်ခြားဆိုသလို ဖမ်းဆီးခဲ့တဲ့အတွက် ဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
ဖမ်းဆီးခံဒေသခံတချို့ကို စစ်ကောင်စီတပ် စစ်ဆေးမေးမြန်းပြီးနောက် မိသားစုတွေထံကနေတစ်ဦးကို ကျပ် ၁၀ သိန်းကနေ ကျပ် ၁၇ သိန်းအထိ တောင်းခံပြီး ပြန်လွှတ်ပေးနေပြီး အများစုကတော့ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
ဘုန်ကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မထင်ရင်မထင်သလို ကျေးရွာထဲ ဝင်စစ်နေပြီး ဒေသခံတွေရဲ့ ဖုန်းနဲ့တန်ဖိုးရှိပစ္စည်းတွေ သိမ်းယူတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နှစ်ကရင်ရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ