ဝါရှင်တန် – ဇူလိုင်(၁၅)
ရုရှားရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံကိုထောက်ပံ့ဖို့ အမေရိကန်ဘက်က သဘောတူထားတဲ့ အငြင်းပွားဖွယ်ရာ အစုလိုက်အပြုလိုက်သေစေနိုင်တဲ့ အမေရိကန်လုပ် ကလက်စတာဒုံးကျည်တွေ ယူကရိန်းကို ရောက်ရှိနေပြီလို့ နှစ်ဘက်စစ်ရေးအရာရှိတွေက ပြောပါတယ်။
“ကျွန်တော်တို့က အဲဒါတွေကို အခုပဲရထားပြီးပါပြီ၊ အဲဒါတွေကို မသုံးရသေးဘူး၊ ဒါပေမယ့် စစ်မြေပြင်ကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်” လို့ ဗိုလ်မှူးချုပ် အိုလက်ဇန်းဒါး တာနဗ်စကီက ဇူလိုင်လ (၁၃) ရက်နေ့ မနက်ပိုင်းက CNN ကိုပြောခဲ့ပါတယ်။
အဲဲဒီနေ့ မွန်းလွဲပိုင်းမှာတော့ ပင်တဂွန်စစ်ဌာနချုပ်က “ယခုအချိန်တွင် ယူကရိန်းတွင် ကလက် စတာ ဗုံးများရှိနေပြီ” လို့ဆိုပြီး အတည်ပြုထားပါတယ်။
ယူကရိန်းတောင်ပိုင်းမျက်နှာစာရဲ့ ကြီးမားသော အစိတ်အပိုင်းမှာလုပ်ဆောင်နေတဲ့ ပူးပေါင်း တပ်ဖွဲ့ စစ်ဆင်ရေးရဲ့ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် တာနဗ်စကီက “ဒီခဲယမ်းမီးကျောက်တွေရရင် ကျွန်တော်တို့မှာ အားသာချက်ရှိမယ်ဆိုတာကို ရန်သူက နားလည်ပါတယ်၊ ရုရှားတွေက အရှေ့မျက်နှာစာမှာ သုံးမယ်လို့ ထင်နေကြတယ်။ ဒါက အရမ်းမှားတယ် ဒါပေမယ့် သူတို့ အရမ်းစိုးရိမ်နေတယ်” လို့ဆိုခဲ့ပါတယ်။
နိုင်ငံပေါင်း (၁၀၀) ကျော်မှာ တားမြစ်ထားတဲ့ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဗုံးတွေကို အမေရိကန်က ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး လေ့လာသူတွေ အံဩနေကြတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ရက်ပေါင်း (၅၀၄) ရက်အတွင်း ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတစ်လက်မ တိုင်းအတွက် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ (၁၅၅) မမစံနှုန်းအမြောက်ကျည်ကို ထောက်ပံ့ခဲ့တာနဲ့ပတ်သက်ပြီး ကျေးဇူးတင်နေကြပါတယ်။
ထိပ်တန်းအရာရှိတွေ စိုးရိမ်ပူပန်မှုကို ဖြေလျော့စေဖို့ ကြိုးပမ်းချက်တွေအနေနဲ့ ယူရိန်းနိုင်ငံသား တွေဟာ အဲဒီလက်နက်တွေကို သင့်လျော်တဲ့ နေရာတွေမှာ အသုံးပြုမှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က CNN ကို ပြောခဲ့ပါတယ်။
ကိဗ်ယက်က အဲဒီခဲယမ်းတွေကို လူထုထပ်တဲ့နေရာတွေမှာ အသုံးမပြုဘူးဆိုတာ သေချာစေဖို့ စာရေးသားမှတ်တမ်းနဲ့ ကတိပြုထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။
“သူတို့အသုံးပြုတဲ့ နေရာတွေကို မှတ်တမ်းတင်ပြီး မိုင်းတူးဖော်ရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်သွားမှာပါ” လို့ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ယူကရိန်းဟာ ရုရှားတွေနဲ့ မတူဘဲ အရပ်သားတွေနဲ့ နီးကပ်တဲ့ နေရာတွေကို အဲဒီဗုံးတွေကို အသုံးပြုဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထားပါတယ်။
Ref:CNN