သိမ်ဇရပ်၊ ဇူလိုင်(၁၄)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်မျိုးသီဟဟာ ဇူလိုင် ၁၂ ရက်နေ့မှာ အရက်မူးပြီး သူတို့စီးလာတဲ့ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တောင်းတံတာအဟောင်းထိပ်ကနေ အရက်မူးပြီးကားမောင်းလာတဲ့ ဒုရဲအုပ်မျိုးသီဟဟာ သိမ်ဇရပ်အမှတ် ၃ ရပ်ကွက်အရောက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းရဲ့ သမီး၊ သမက်နဲ့ မြေးပါတဲ့ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုဖြစ်စဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းရောက်ရှိလာပြီးနောက် သူတို့နှစ်ဦး စကားများရာကနေ ဒုရဲအုပ်မျိုးသီဟဟာ မိသားစုဝင်တွေကို တောင်းပန်တာမရှိဘဲ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ကားမောင်းထွက်သွားတယ်လို့ သိရပါတယ်။
အဲဒီနောက် ကားမောင်းထွက်သွားတဲ့ ဒုရဲအုပ်မျိုးသီဟဟာ သာယာကုန်းကျေးရွာအနီးလမ်းပေါ်မှာ အမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ်ကို ထပ်မံတိုက်မိပြီးနောက် မောင်းပြေးသွားတယ်လို့ ကားတိုက်ခံရတဲ့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး ၂ ဦးဟာ ဒဏ်ရာများတာကြောင့် သိမ်ဇရပ်ဆေးရုံတင်ထားရပြီး အုပ်ချုပ်ရေးမှူးမိသားစုဝင် ၃ ဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိခဲ့တာပါ။
အဲဒီယာဉ်တိုက်မှု ဖြစ်စဉ်အပေါ် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိသလို ရဲဘက်ကလည်း ဒုရဲအုပ်မျိုးသီဟကို အရေးယူထားတာမရှိဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ