လောင်းလုံး၊ ဇူလိုင်(၁၄)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အရပ်သားပြည်သူ ထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး နာခံတောကျေးရွာ ကနေတဆင့် ခမောင်းတောင်ကျေးရွာကို လက်နက်ကြီးတွေ ပစ်ခတ်မှုပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နာခံတောနဲ့ခမောင်းတောင်ကျေးရွာက ဒေသခံ ၁၀၀၀ နီးပါးဟာ ဘေးလွတ်ရာနေရာတွေကို အသက်လုပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခမောင်းတောင်ကျေးရွာက အသက် ၁၆ နှစ်အရွယ် မယဉ်မာနွေး ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် မောင်နိုင်လွင်မှာ ဒဏ်ရာရရှိထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ ခမောင်းတောင်ကျေးရွာထဲမှာ အထိုင်ချပြီး နေအိမ်တွေဝင်ရောက်မွှေနှောက်ကာ ရွှေငွေတွေနဲ့တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်တာရှိသလို နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့အောက်ကျောက်ဝပ်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၅၀ လောက်နဲ့စစ်ကြောင်းထိုးပြီး နေအိမ် ၁၅၀ နီးပါးကို မီးရှို့ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.