မော်လမြိုင်၊ ဇူလိုင်(၁၄)
မွန်ပြည်နယ်အတွင်းမှာ နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ ဆေးဝါးပစ္စည်းတချို့ စတင်ပြတ်လပ်ပြီး ဆေးဈေးနှုန်းကလည်း ထပ်မံမြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေနဲ့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ ဆေးဝါးတွေဟာ ဒေါ်လာဈေးနှုန်းကြီးမြင့်လာတာ၊ ဆေးတင်သွင်းရတဲ့ အခက်အခဲတွေကြောင့် ဈေးကွက်အတွင်း ဆေးဝါးတချို့ပြတ်လပ်ပြီး ဆေးဈေးနှုန်းတွေ မြင့်တက်လာတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ ပြီးနောက် တစ်ဒေါ်လာကို ကျပ် ၃၂၀၀ နီးပါးအထိ မြင့်တက်လာသလို ဆေးတင်သွင်းတဲ့နေရာမှာလည်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆေးဝါးတချို့ ပြတ်လပ်လာတာ ဖြစ်ပါတယ်။
ဆေးဝါးတချို့ ပြတ်လပ်လာတာကြောင့် ဈေးကွက်အတွင်း မဖြစ်မနေသောက်သုံးနေရတဲ့ ဆေးဝါးတွေဟာ ဆေးအမျိုးအစားပေါ်မူတည်ပြီး ၁၀ ရာခိုင်နှုန်းရာကနေ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
“ဆေးကတော့ တက်တယ်။ ဒါပေမယ့် လက်ရှိစတော့ရှိတဲ့ဟာတွေကတော့ မတက်ဘူးပေါ့။ စတော့နည်းနေတဲ့ ဆေးတွေကတော့ ကုမ္ပဏီတွေက ထိန်းရောင်းရင်းနဲ့ ဈေးတွေတက်သွားတာပေါ့။ တော်တော်များများ ဖြစ်နေတာတော့ ဆေးကသွင်းလို့မရဘူး။ သွင်းရတာက အခွန်ကြောင့်လည်းပါတယ်။ အခွန်ကအခု တိုးကောက်မယ်ဆိုပြီး ဖြစ်နေတယ်။ ပြတ်သွားတဲ့ဆေးတွေ အကုန်လုံးကသွင်းဖို့က အချိန်ကမပေးနိုင်ဘူး တော်တော်ကြာတယ်။ ဆေးပြတ်ပြီးသွားရင် မသွင်းနိုင်တော့ဘူး။ ဆေးပြတ်တော့ ဈေးကအရမ်းတက်သွားတာပေါ့ အဲဒီလိုသဘော။ တချို့ပုံမှန်ပြတ်လေ့ရှိတဲ့ ဆေးတွေဆိုရင်တော့ ဈေးအများနဲ့ ဝယ်ရတယ်။ ကုမ္ပဏီက မပေးနိုင်ဘူး။ ပုံမှန် (၁၀၀၀)လောက် ဖြစ်ရာကနေ (၂၀၀၀)လောက် ဖြစ်သွားတယ်။ ပြီးတော့ တက်ဈေးလည်း ရှိတယ်ဆိုတော့လေ ပုံမှန်ကတော့ ဘယ် လိုမှကို အဆင်မပြေတဲ့ဈေးထဲမှာရှိနေတယ်”လို့ ဆိုပါတယ်။
ဆေးဝါးတင်သွင်းရတဲ့ အခက်အခဲတွေကြောင့် မဖြစ်မနေသောက်သုံးနေရတဲ့ သွေးတိုး၊ ဆီးချိုဆေးတချို့ ပြတ်လပ်နေပြီး ဆေးဈေးနှုန်းအားလုံးနီးပါး ဈေးနှုန်းအဆမတန် မြင့်တက်လာဖြစ်ပါတယ်။
ဆရာဝန်တစ်ဦးကလည်း ဆေးဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အောက်ခြေလူတန်းစာတွေနဲ့ လူလတ်တန်းစားတွေအထိ ဆေးဝယ်နိုင်ဖို့ ခက်ခဲလာသလို ဆေးရုံ၊ ဆေးခန်းတွေကို မပြနိုင်တော့တာကြောင့် ဆေးဆိုင်တွေမှာသာ ဆေးတွေဝယ်သောက်နေရတဲ့အတွက် ရောဂါတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ပြောပါတယ်။
“ဆေးဈေးနှုန်းက ဒီတစ်လ၊နှစ်လမှာဘဲ တောက်လျှောက်အတက်ကြီးပဲ။ တချို့ဆေးတွေဆိုရင် (၂၀) ကနေ (၅၀) ရာခိုင်နှုန်းလောက်ထိကို တက်သွားတယ်ခင်ဗျ။ အဓိကတော့ အချက်က (၂)ချက်ကြောင့်ပေါ့။ ကုမ္ပဏီတင်သွင်းတာကလည်း ဒီလိုအခြေအနေမျိုးမှာ များသောအားဖြင့် မဖြစ်မနေသူတို့က တင်တယ်။ နောက်ပြီးဒေါ်လာဈေးပေါ့လေ။ အခုကျွန်တော်ကြားသလောက်လည်း အခွန်တွေလည်း တော်တော်သိသိသာသာ တိုးလာတယ်ပြောတယ်။ တင်သွင်းရတဲ့ ဒေါ်လာဈေးကလည်းများတဲ့အပြင်ကို အခွန်ကလည်းတိုးတဲ့အခါမှာ သူတို့က ဆေးကိုထပ်ပေါင်းလိုက်တယ်။ ဆေးဈေးတွေ လက်လှမ်းမမီနိုင်တော့ဘူး။ ပြဿနာက လက်လှမ်းမမီတော့တဲ့အခါမှာ ဆေးရုံ၊ ဆေးခန်းထက်ကို ရပ်ကွက်ဆေး ဆိုင်နဲ့ပဲ ပြီးလိုက်ကြရတာ။ တချို့ရောဂါသေးသေးလေးတွေက သက်သာသွားမယ်။ တကယ်ရောဂါ ကြီးကျတော့ ပိုဆိုးသွားတယ်။ သူတို့ပိုပြီးတော့ အခက်အခဲ ဖြစ်လာတာပေါ့။ ဆေးရုံတက်တဲ့အခါမှာ ပိုက်ဆံကုန်တဲ့အပြင်ကို လူနာကလည်း ရောဂါပိုမိုဆိုးရွားလာနိုင်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဆေးဝါးဈေးနှုန်းကြီးမြင့်နေတာကြောင့် ရောဂါတွေကို ဖြစ်သလိုဆေး မြီးတိုတွေနဲ့ကုသပါက ရောဂါပိုမိုပြင်းထန်လာနိုင်သလို အသက်မသေဆုံးသင့်ဘဲ သေဆုံးတာတွေ ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ တိုက်တွန်းတာပါ။
လက်ရှိမှာလည်း ဆေးဝါးပစ္စည်းအများစုဟာ ကုမ္ပဏီတွေမှာ လက်ကျန်နည်းပါးလာပြီး ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီက ထပ်မံတင်းကျပ်ထားပါက ဆေးဈေးကွက်အပေါ် သက်ရောက်မှုကြီးမား လာနိုင်တယ်လို့ ဆေးဝါးတင်သွင်းသူတွေ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံဟာ ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိကတင်သွင်းနေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းကာလအတွင်း ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- EPA