ရန်ကုန် – ဇူလိုင်(၁၄)

စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အချက်တွေမှာ ကွဲလွဲမှုတွေရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီးခံထားရချိန်အတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ သဘောထား၊ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာမဟုတ်သလို ပြည်သူလူထုကိုသာ အခြေခံပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဆန့်ကျင်မှာမဟုတ်ဘူးဆိုတဲ့ အချက်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ကွဲလွဲမှုရှိနေတာဖြစ်တယ်လို့ ဆိုထားတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ကာယကံရှင်ကိုယ်တိုင်နဲ့ လွတ်လပ်စွာ ပူးတွဲပြောဆိုနိုင်တဲ့ အခြေအနေမဟုတ်တဲ့အတွက် ထုတ်ဖော်ပြောဆိုခဲ့တဲ့ စကားရပ်တိုင်းဟာ စစ်မှန်တယ်ဆိုတာကို NLD ပါတီက သံသယရှိနေတာပါ။

မြန်မာ့နိုင်ငံရေးပြဿနာတွေ ပြေလည်ရေးလမ်းစအဖြစ် အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒသဘောထားကို ပြည်သူလူထုဆီ လွတ်လပ်စွာ တင်ပြနိုင်ဖို့ အာဆီယံခေါင်းဆောင်တွေအနေ နဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နဲ့အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ပြီး လွတ်လပ်စွာ သဘောထားအမြင် ဖော်ထုတ်နိုင်ဖို့ကို အားစိုက်လုပ်ဆောင်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၉) ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့တယ်လို့ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးစတင်တဲ့နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းဌာနတွေမှာ အမျိုးစုံ သုံးသပ်တာတွေရှိနေပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဝါဒဖြန့် မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ အတည်ပြုထားပေမယ့် ဘယ်လို အချက်တွေကို ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ ပြောထားတာမတွေ့ရပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.