ထားဝယ်၊ ဇူလိုင်(၁၄)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ၊ ထားဝယ်-ရေးကားလမ်းပေါ်မှာ စစ်ကောင်စီကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အရာခံဗိုလ်အပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ထားဝယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၃၀၂) အမြောက်တပ်ကနေ ထွက်လာတဲ့ စစ်ကားတစ်စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကားကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ကားဟာလမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါလာတဲ့ အရာခံဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်ခဲယမ်းတွေ ကောက်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အမြောက်တပ်နဲ့နီးနေတဲ့အတွက် အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး အလောင်းတွေကို လာကောက်ယူသွားကာ လမ်းဘေးထိုးကျနေတဲ့ စစ်ကားကိုလည်း ကရိန်းနဲ့လာဆွဲသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကား ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဟာ အနီးအနားက ထန်းရည်ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူ ၂ ဦးကိုလည်း စစ်ကောင်စီဘက်က ပစ်သတ်သွားတယ်လို့ DGRF အဖွဲ့ဘက်က ထုတ်ပြန်ထားပေမယ့် ဘယ်သူဘယ်ဝါဖြစ်လဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကလည်း ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DGRF