မော်လမြိုင် – ဇူလိုင်(၁၄)
အာဏာသိမ်းစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေပိုမိုလုပ်ဆောင်ဖို့အတွက် ကနေဒါနိုင်ငံ ပြည်ထောင်စုလွှတ်တော်အတွင်းရေးမှူးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့က ကနေဒါနိုင်ငံအစိုးရက NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုထားတာပါ။
တွေ့ဆုံပွဲမှာ ကနေဒါနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုခဲ့သလို အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လိုက်နာဖို့ လိုအပ်တာတွေကို လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ကနေဒါနိုင်ငံအပြင် ကနေဒါနိုင်ငံနဲ့ မိတ်ဘက်တွေကိုပါ စစ်ကောင်စီကို ဒဏ်ခတ်အရေးယူခိုင်းဖို့ ကိစ္စတွေလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကိုယ်စား ပြည်ထောင်စုလွှတ်တော် အတွင်းဝန် Robert Oliphant က စစ်ကောင်စီရဲ့ အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောခဲ့သလို အကြမ်းဖက်မှုတွေ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG