နေပြည်တော်၊ ဇူလိုင်(၁၄)

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ ၁၂ ရက်နေ့တို့မှာ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နဲ့ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံဆွေးနွေးပွဲ ပထမရက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့အချက်တွေ၊ အရင်ဆွေးနွေးပွဲတွေမှာ သဘောတူညီထားတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်ရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖွံ့ဖြိုးရေးကိစ္စနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပံ့ပိုးရေးကိစ္စတွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒုတိယနေ့ ဆွေးနွေးမှုမှာတော့ ပထမရက်က မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေအပေါ် ဆက်လက်ဆွေး နွေးညှိနှိုင်းခဲ့ကြပြီး နှစ်ရက်တာ ညှိနှိုင်းချက်တွေအရ အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပေမယ့် အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပါဘူး။

စစ်ကောင်စီနဲ့ ဆွေးနွေးမှုကို တက်ရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်းထံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က တယ်လီဖုန်းနဲ့ သုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စအပေါ် စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့မတ်တတိယပတ်မှာ အပစ်ရပ်မထိုးတဲ့ “ဝ” အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့နဲ့ စတင်ဆွေးနွေးခဲ့တာပါ။

အဲဒီနောက်ပိုင်း အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) တို့ကို ပြီးခဲ့တဲ့ ဇွန်နောက်ဆုံးပတ်မှာ ဆွေးနွေးတင်ပြခဲ့တာပါ။

နိုင်ငံ့အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ စစ်တပ်က သိမ်းယူပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းရာ အပစ်ရပ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့တို့က ၅ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.