မော်လမြိုင်၊ ဇူလိုင်(၁၃)
မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီလက်ထက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှု အားနည်းခဲ့တာကြောင့် ရောဂါဖြစ်ပွားသူတွေများလာပြီး ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်တယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ၆ လအတွင်း ရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာပေါင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့က ကလေးငယ် ၂ ဦး သေဆုံးထားပါတယ်။
ရောဂါဖြစ်ပွားမှုအရ မေနဲ့ ဇွန်လမှာ ရောဂါဖြစ်ပွားသူ ပိုများလာပြီး တချို့ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာဆိုရင် ကလေးငယ်အစုံအလိုက် အပြုံအလိုက် ရောဂါကူးစက်မှုတွေ ရှိနေတာပါ။
သွေးလွန်တုပ်ကွေးရောဂါဟာ စစ်ကောင်စီလက်ထက်မှာ ကြိုတင်ကာကွယ်မှုအဖြစ် အဘိတ်ဆေးတွေကို အချိန်မီမခတ်တာ၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးမှု အားနည်းတာမှုတွေကြောင့် ရောဂါအဖြစ်များလာတာ ဖြစ်ပါတယ်။
“ကာကွယ်ရေးကတော့ တော်တော်လေးကို မရှိသလောက်ဖြစ်နေတာ။ ပုံမှန်ကတော့ သွေးလွန်တုပ် ကွေး ကာကွယ်တာ ကျွန်တော်တို့ လုပ်လို့မရဘူးလေ။ အဓိကရေမြောင်းဆယ်တာတို့၊ အဘိတ်ခတ်တာတို့ ကလိုရင်းခတ်တာတို့ လုပ်ရမယ့်ဟာတွေတော့ ကျွန်တော်သိသလောက်တော့ ဒီနှစ်ထဲမှာတော့ တော်တော်လေးကို လုပ်တာမတွေ့ဘူးခင်ဗျ။ သွေးလွန်တုပ်ကွေးက အခုတော့များနေတယ်။ ဆေးရုံမှာလည်း များနေတယ်။ ပြင်းလားဆိုတော့ ပြင်းတယ်။ ကလေးတွေလည်း ဖြစ်တာများနေတယ်။ ကလေးအထူးကု ဆေးခန်းတွေမှာလည်း ကလေးတွေအရမ်းပြည့်နေတယ်။ ဆေးရုံမှာတော့ ဆရာ၊ ဆရာမ မလောက်ဘူး။ မလောက်တဲ့အခါမှာ ဆေးရုံမှာလည်း မနိုင်မနင်းတွေဖြစ်တယ်ပေါ့နော်”လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာအဖြစ်များပြီး ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ အေးဒီး(စ်) ခြင်ကိုက်ရာကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူအများစုဟာ အသက် (၅)နှစ်မှ (၉)နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်များနေပြီး ရောဂါပြင်းထန်မှုရှိတာကြောင့် အချိန်မီဆေးဝါးကုသမှုတွေမလုပ်ရင် အသက်သေဆုံးမှု မြင့်တက်နိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာလည်း ကလေးငယ်တွေဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတာအပြင် အဆုတ်လေပြွန်ရောင်ရောဂါပါတွဲပြီး ဖြစ်ပွားနေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်လာသလို နှစ်မျိုးလုံးတွဲဖြစ်ပါက ကလေးတွေမှာ ပိုပြီးအသက်အန္တရာယ်များတယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
“ဒီနှစ်က သွေးလွန်တုပ်ကွေးအပြင်ကို သူကအဆုတ်လေပြွန်ရောင်တဲ့ ရောဂါတစ်ခုပါတယ်။ ချောင်း ဆိုး၊ နှာစေးပါတွဲပြီး ပြင်းပြင်းထန်ထန်တော့ဖြစ်တယ်။ စိုးရိမ်ရလားဆိုတော့ စိုးရိမ်ရတယ်။ ကလေးလေးတွေ အကောင်းကြီးကနေ သွေးလွန်တုပ်ကွေးလည်း Positive ဖြစ်တယ်။ သွေးလွန်တုပ်ကွေး မပြင်းဘဲနဲ့လေ အဆုတ်လေပြွန်ရောင် ရောဂါနဲ့ဘဲသေတယ်လို့ ခေါင်းစဉ်တပ်နေတယ်တဲ့။ ပုံမှန်သွေး လွန်တုပ်ကွေးဆို ချောင်းဆိုး၊နှာစေးကတွဲလေ့မရှိဘူး။ ကိုယ်ပူဖျားတာနဲ့ အစက်လေးတွေပေါ်တာ၊ ကလေးမှိန်းတာ၊ အန်တာတွေပဲသူရဲ့ လက္ခဏာတွေပေါ့နော်။ အဆုတ်နဲ့ပတ်သက်တဲ့ လက္ခဏာတွေသိပ်မပါဘူး။ တစ်ခါတလေကျရင်တော့ တွဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အဆုတ်လေပြွန်ရောင်နဲ့တွဲလို့ရှိရင်တော့ ကလေးတွေပိုအန္တရာယ်များတာပေါ့။ ချောင်းဆိုး၊ နှာစေးလည်းများမယ်။ သွေးလွန်တုပ်ကွေးလည်းဖြစ်တဲ့ ကလေးတွေဆိုလို့ရှိရင်တော့ ပိုပြီးအန္တရာယ်များတာပေါ့”လို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေးရောဂါနဲ့ တွဲဖြစ်နေတဲ့ အဆုတ်လေပြွန်ရောင်ရောဂါဟာ ပုံမှန်အဆုတ်လေပြွန်ရောင်ရောဂါရဲ့ ရောဂါပိုးသစ်တစ်မျိုးလည်း ဖြစ်နိုင်သလို ကိုဗစ်မျိုးစိတ်သစ်တစ်မျိုးလည်း ဖြစ်နိုင်ပေမယ့် စမ်းသပ်စစ်ဆေးတဲ့စက်တွေမရှိတာကြောင့် တိတိကျကျမသိနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
လက်ရှိကာလဟာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များတဲ့ ရာသီဖြစ်တာကြောင့် ကလေးတွေ ဖျားနာလာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီပြသဖို့ လိုအပ်ပြီး အချိန်မီကုသမှုမခံယူပါက ရော ဂါပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် အထူးသတိထားကြဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT/CJ