ကျိုက်မရော၊ ဇူလိုင်(၁၃)

KNU တပ်မဟာ ၆ နယ်မြေ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာကနေတစ်ဆင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်နဲ့ ငြိမ်းချမ်းမြိုင်ကျေးရွာတွေထဲကို စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

ဒီလို စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများခဲ့တဲ့အတွက် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်နေရတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ အမြောက်တပ်ကနေတဆင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်၊ ငြိမ်းချမ်းမြိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့သလို မနက်(၁၀)နာရီခွဲအချိန်ခန့်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ငြိမ်းချမ်းမြိုင်နဲ့ ပုလိန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုများပြားခဲ့တဲ့အတွက် အခုလိုလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်လာရတာဖြစ်နိုင်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို ညနေ ၃ နာရီအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ချောင်းနှစ်ခွနဲ့ ခလယ်တံခွန်တိုက်ကျေးရွာဒေသခံ ထွက်ပြေးတိမ်းရှောင်နေရသလို အများစုဟာ တိုက်ပွဲအတွင်းပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ခလယ်တံခွန်တိုင်ကျေးရွာထဲမှာရှိတဲ့ ရဲစခန်းနဲ့ ငြိမ်းချမ်းမြိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက မကြာခဏဆိုသလို ဒရုန်းနဲ့တိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.