ကော်သူးလေ၊ ဇူလိုင်(၁၂)

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အခုနှစ် ၆ လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်ထဲမှာ အခုခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ၆ လတာကာလအတွင်း ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး(၅)ဦး၊ ဒုတပ်ရင်းမှူး(၅)ဦး၊ ဗိုလ်ကြီး (၉)ဦး၊ ဗိုလ်(၄)ဦး၊ အရာခံဗိုလ်(၅)ဦး အပါအဝင် စုစုပေါင်း (၂၆၃၂)ဦး သေဆုံးခဲ့ပြီး ဒုတပ်ရင်းမှူး(၁)ဦး အပါအဝင် စုစုပေါင်း(၁၆၈၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

၆ လတာတိုက်ပွဲတွေအတွင်း KNLA,KNDO ပူးပေါင်းတပ်ဖွဲ့တွေဘက်က (၇၆)ဦး ကျဆုံးပြီး (၂၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးအတွက် အသုံးပြုတဲ့ မော်တော်ယာဉ်(၉၉)စီး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ ၆လအတွင်း တိုက်ပွဲမှာ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် ဘုံရန်စစ်တပ်ကို တိုက်ခိုက်ရာမှာ စစ်ရေးအရ အားသာမှုတွေရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျူးလွန်နေတဲ့အတွက် စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးအထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

မိုးရာသီဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်းအတွက် အမိုးအကာနဲ့ စားနပ် ရိက္ခာမလုံလောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.