သထုံ၊ ဇူလိုင်(၁၂)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဘေးတွဲဆိုင်ကယ်သမားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၇ နာရီအချိန်လောက်က သထုံမြို့နယ် နောင်ကုလားကျေးရွာကနေ သထုံမြို့ပေါ်ဘက်ကို မောင်းလာတဲ့ ဘေးတွဲဆိုင်ကယ်သမားဟာ မြေနီကုန်းကျေးရွာအရောက် ကားလမ်းဘေးမှာ ခေတ္တရပ်နားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်ကြည်ဟာ ဝမ်းဗိုက်၊ ရင်ဘတ်နဲ့ ခြေထောက်တွေမှာ မိုင်းစဖောက်ဝင် ဒဏ်ရာတွေရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ဦးအောင်မြင့်ကြည်ကို သထုံခရိုင်ပြည်သူ့ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီး ချက်ချင်းလွှဲပြောင်း ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေသခံအမျိုးသား မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့လည်း စစ်ရေးလှုပ်ရှားတာလည်း ဖြစ်ပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဦးအောင်မြင့်ကြည်နင်းမိခဲ့တဲ့ မြေမြှုပ်မိုင်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစုတို့ကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားပြီး မိုင်းပေါက်ကွဲတာနဲ့ ကြားဖြတ်ပစ်ခတ်ခံရတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.