မော်လမြိုင်၊ ဇူလိုင်(၁၂)

မွန်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လိင်လုပ်သား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုမိုကျူးလွန်လာတယ်လို့ လိင်လုပ်သားတွေနဲ့ အမျိုးသမီးအရေး ကူညီဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လိင်လုပ်သားအမျိုးသမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေကြေးရှာဖွေတဲ့နေရာမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အတင်းအကျပ် ငွေကြေးတောင်းခံတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကြောင့် လိင်လုပ်သားအမျိုးသမီးတွေဟာ လုံခြုံမှုကင်းမဲ့လာသလို ကာကွယ်ပေးတဲ့ ဥပဒေမရှိတဲ့အတွက် သူတို့လုပ်သမျှ ငြိမ်ခံနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လိင်လုပ်သား အမျိုသမီးတွေက ဆိုပါတယ်။

အမျိုးသမီးအရေး ကူညီနေသူတစ်ဦးကတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ ညပိုင်းတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ကင်းလှည့်စဉ် လိင်လုပ်သားအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တွေကို ပိုမိုကျူးလွန်လာတယ်လို့ ပြောပါတယ်။

“ဟိုတလောကတောင်မှ ကောင်မလေးတစ်ယောက်က တည်းခိုခန်းကနေ Taxiနဲ့ ပြန်လာတဲ့အခါ သူ့အိမ်ကို မရောက်ခင်ပေါ့နော်။ လူပြတ်တဲ့နေရာမှာ ကင်းလှည့်လာတယ်ဆိုပြီးတော့ ဆိုင်ကယ် (၂)စီးနဲ့လေ။ တပ်ကလို့ ပြောရမှာပေါ့။ သူကတော့ ယူနီဖောင်းတော့ မဝတ်ထားဘူး။ နင်ဘာလုပ်လဲ ငါတို့သိတယ်။ နင်ငါတို့ကို ဆန္ဒဖြည့်ပေးရမယ် ဘာညာဆိုပြီးတော့လေ အဲဒီလိုမျိုး အတင်းအဓမ္မလုပ်တာတွေရှိတယ်။ အခြေအနေက ဆိုးတယ်။ ပြဿနာက ဘာတွေရှိနေလဲဆိုရင် ကိုယ့်ဟာကို အိမ်ငှားပြီးတော့ လုပ်စားနေတဲ့ Sex Worker လေးတွေမှာလည်း အဲဒီလိုပြဿနာရှိတယ်ပေါ့နော်။ ဒါကိုလုပ်စားနေတယ်ဆိုတာသိလို့ရှိရင် အဲဒီအပေါ်မှာ နင်းပြီးတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိတယ်။ ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိတာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တချို့ဟာ လိင်လုပ်သားအမျိုးသမီးတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး ခေါ်ဆောင်သွားတာတွေရှိသလို တချို့တွေအနေနဲ့ သူတို့ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးသွားတာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ လိင်လုပ်သားအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ထွက်ပြေးသွားတယ်လို့ဆိုပြီး သတင်းလွှင့်တာတွေရှိသလို လိုက်လံစုံစမ်းပါကလည်း တိတိကျ ကျမေးမြန်းလို့ မရတာတွေရှိတယ်လို့ သိရပါတယ်။

လိင်လုပ်သားအမျိုးသမီးတွေဟာ ဆိုင်တွေမှာရော အပြင်မှာပါ အကြမ်းဖက်ခံရတာတွေ၊ လုယက်ခံရတာတွေရှိနေသလို စစ်ကောင်စီလက်အောက်ခံ ရဲစခန်းထံတိုင်ကြားပါကလည်း ကူညီဆောင်ရွက်ပေးတာမရှိဘူးလို့ အမျိုးသမီးအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုဆိုလို့ရှိရင် အများကြီး အကြမ်းဖက်ခံရတာတွေ ဖြစ်လာတယ်။ အကြမ်းဖက်ခံရတယ်ဆိုတာက ဆိုင်ရှင်တွေ အကြမ်းဖက်တာရှိတယ်။ မန်နေဂျာတွေက အကြမ်းဖက်တာတွေရှိတယ်။ ဒီမရှိလို့ ဒီဟာကြီးလုပ်စားပါတယ်ဆိုမှဘဲ သူတို့ဆီကနေ ဖုန်းလုတာတို့၊ ပိုက်ဆံအိတ်လုတာတို့၊ ဥပမာဆိုလို့ရှိရင် လာတဲ့ဧည့်သည်တွေက ကိုယ့်ရဲ့ပိုက်ဆံအိတ်တွေ၊ ဖုန်းတွေကို ပြန်ခိုးသွားတာ ရှိတယ်လေ။ အဲဒီလောက်ထိတောင် အခြေအနေကဆိုးနေတယ်။ တချို့တွေဆိုလို့ရှိရင် သူတို့အပြင်ကိုခေါ်တယ်ပေါ့။ လိုက်သွားခဲ့မိတဲ့အခါ လူကိုမူးမေ့အောင် တစ်ခုခုလုပ်ပြီး ကိုယ့်ဆီကပါသွားတဲ့ဟာတွေကို ပြန်ပြီးတော့ အနုကြမ်းစီးခံရ၊ အလုခံရတဲ့ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ရဲစခန်းမှာကလည်း ဒီလိုအမှုတွေဆိုရင် သူတို့ကသိပ်ပြီးတော့ ကောင်မလေးတွေရဲ့ နစ်နာမှုအတွက်ကို ထိထိရောက်ရောက် ကူညီနိုင်တဲ့အနေအထား မရှိနေဘူးဖြစ်နေတာပေါ့နော်”လို့ ဆိုပါတယ်။

လိင်လုပ်သားအမျိုးသမီး အများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာတွေမှာ အကြမ်းဖက်ခံရမှုတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေကြေးရှာဖွေနေရတဲ့ လိင်လုပ်ငန်းဟာ တရားဝင်မဟုတ်တာကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို လိုင်းကြေးပုံမှန်ပေးဆောင်နေရသလို လိုင်းကြေးမပေးပါက ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လိင်လုပ်သား အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာ၊ ငွေကြေးခေါင်းပုံဖြတ်ခံရတာ၊ နှိပ်စက်ညှင်းပန်းခံရတာတွေအပြင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံရပါက အရင်ကတိုင်ကြားလို့ ရခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီ လက်အောက်ခံတွေက ကူညီဆောင်ရွက်ပေးတာ မရှိတော့တဲ့အတွက် အခက်ကြုံနေရတာပါ။

မွန်ပြည်နယ်အတွင်းမှာတော့ ခန္ဓာကိုယ်နဲ့ ရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ လိင်လုပ်သားအမျိုးသမီး ၈၀၀ ဝန်းကျင်ရှိပြီး လိင်လုပ်သားအများစုဟာ ညဘက်တွေမှာ လုပ်ကိုင်ရှာဖွေ စားသောက်ရတာကြောင့် စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေကြောင့် အလုပ်အကိုင်ပိုမိုခက်ခဲလာသလို စားဝတ်နေရေးတွေလည်း ပိုမိုကျပ်တည်းလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Frontier Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.