မော်လမြိုင် – ဇူလိုင်(၁၁)

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုဖြစ်ထွန်းအောင် ကြိုးစားတည်ဆောက်ကြရမှာဖြစ်တဲ့အတွက် စီမံခန့်ခွဲရေးနည်းနာတွေကို ဝန်ကြီးဌာန အချင်းချင်း ပိုမိုချိတ်ဆက်အားကောင်းအောင်တည်ဆောက်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်း လိုက်ပါတယ်။

ဒီနေ့ ဇူလိုင်လ(၁၁) ရက်နေ့မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောခဲ့တာပါ။

“ဗဟိုကနေ အမိန့်ပေး ကွပ်ကဲမှုမှာ ပိုမိုစုစည်းခိုင်မာမှုရှိအောင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုက သွယ်ဝိုက်ပြီး အကျိုးပြုဖို့ လိုပါတယ်။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း မိမိတို့ အစိုးရ အပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုတွေ ဖြစ်ထွန်းအောင် ကြိုးစားတည်ဆောက်ကြရပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ပျက်စီးဆုတ်ယုတ်သွားတဲ့ လူထုရဲ့ ဓနဥစ္စာတွေဟာ အမြောက်အများရှိခဲ့ပြီ ဖြစ်သလို အထွေထွေစီးပွားရေး ချွတ်ခြုံကျမှုနဲ့ ငွေကြေးဖောင်းပွမှုဒဏ် တွေကို ပြည်သူတွေ ခံစားနေရတာဖြစ်တယ်လို့ ပြောပါသေးတယ်။

အဲဒီလို အဘက်ဘက်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ NUG အစိုးရက လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရတာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးစီမံချက်ဟာ အင်အားနည်းပါးလို့ မရဘဲ အားလုံးကဏ္ဍစုံကနေ ဝိုင်းဝန်း အားဖြည့်ကြဖို့ အထူးလိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေ ပေါင်းစပ်ပြီး တော်လှန်ရေးခရီးရှည်ကို လျှောက်လှမ်းနေတာဖြစ်သလို လက်နက်ကိုင်ခုခံတော်လှန်ရေးမှာ ဘဏ္ဍာငွေ ငွေလုံး ငွေရင်းလိုက် သုံးစွဲမြှုပ်နှံရတာ အမြောက်အများပါဝင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ရိက္ခာ၊ဆေးဝါးစတဲ့ အသုံးစရိတ်တွေကို အဓိကထားဖြည့်တင်းနေတာတွေ လုပ်နေတာ ရှိတယ်လို့လည်း ယာယီသမ္မတက အစိုးရအဖွဲ့ဝင်တွေကို အသိပေးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.