တနင်္သာရီ၊ ဇူလိုင်(၁၂)

တနင်္သာရီတိုင်းဒေသကြီးထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲလာတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ၊ အလှူရှင်တွေနည်းပါးလာတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယူခွင့် ကန့်သတ်ချက်တွေအပါအဝင် စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုးနေတဲ့အတွက် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီရာမှာလည်း မိုးတွင်းကာလဖြစ်တာကြောင့် သွားလာဖို့ ပိုမိုခက်ခဲလာတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိုးတွင်းကာလလည်းရောက်နေပြီဆိုတော့ ဒီဘက်မှာပိုပြီးတော့ စားဝတ်နေရေးအတွက် သယ်ယူပို့ဆောင်ရေးရော ပိုပြီးတော့ခက်ခဲတာပေါ့နော်။ တချို့ရေစိုခံလို့မရတဲ့ ဆန်တွေဘာတွေလိုမျိုး၊ ဆားတွေတို့၊ ပဲတွေတို့လိုမျိုး ဆိုရင်တော့ သယ်ယူပို့ဆောင်ဖို့အတွက် အခက်ခဲရှိတယ်ပေါ့။ စားနပ်ရိက္ခာဆိုရင်လည်း အလုံအလောက်မရှိဘူးလို့ ပြောလို့ရတယ်ပေါ့နော်။ သူတို့မှာအလွန်ဆုံးရှိလှမှ တစ်လစာလောက်ပဲ ကြိုပြီးတော့စုဆောင်းထားတာရှိတယ်။ တကယ်လို့ ဒီဘက်မှာကစစ်ကြောင်းထိုးတာတို့ တိုက်ပွဲဖြစ်တဲ့အခြေအနေတွေက အချိန်ကြာလာတဲ့အခါ သူတို့မှာ စားနပ်ရိက္ခာပြတ်လပ်တာမျိုးတွေတော့ ကြုံနေရတာရှိပါတယ်” လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအတွက် ပိုမိုကျပ်တည်းလာတာနဲ့အမျှ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပြင် သက်ကြီးရွယ်အိုတွေမှာ အာဟာရ မပြည့်ဝမှုပြဿနာကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် ရာသီတုပ်ကွေးတွေအပြင် ငှက်ဖျားရောဂါတွေကိုလည်း ခံစားနေရပြီး ဆေးဝါးအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၆၀၀၀ ကျော်ရှိပြီး သူတို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.