လိုင်ဇာ၊ ဇူလိုင်(၁၁)
ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၈ ရက်နေ့ကစပြီး လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နဲ့ ၁၁ မိုင်ကျော်လောက်သာ ကွာဝေးတဲ့ ဝိုင်းမော်မြို့နယ်၊နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်စခန်းရှိရာ ဖွန်းပန်ဘွမ်ဘက်ကနေ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးနဲ့ ဆက် တိုက်ပစ်ခတ်နေတာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီဘက်ကနေ ၃ ရက်ဆက်တိုက် လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်ကြတာတွေ ရှိနေပေမယ့် ဇူလိုင်(၁၀)ရက် မနက်ပိုင်းအထိတော့ လိုင်ဇာအနီးမှာ ပစ်ခတ်သံမကြားရသေးဘူးလို့ ဆိုပါတယ်။
“အခုလောလောဆယ် (ဇူလိုင် ၁၀ ရက်နေ့ မနက် ၁၁ နာရီအထိ) သေနတ်သံမကြားရသေးဘူး။ ဇူလိုင် ၈ ရက်နေ့က လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာရှိပါတယ်။ ၉ ရက်နေ့မှာလည်း ပစ်ပါတယ်။ ၁၀ ရက်နေ့မှာလည်း ပစ်ပါတယ်။ ဒါပေမယ့် လိုင်ဇာလူနေရပ်ကွက်မှာ မဟုတ်ဘူးပေါ့။ အဓိက နမ်ဆန်ယန်ရွာဘက်မှာ ဖြစ်ပါတယ်။ သူတို့ (စစ်ကောင်စီတပ်) စစ်ကြောင်းထိုးတဲ့ နေရာဘက်မှာ ဖြစ်ပါတယ်ခင်ဗျ။ လေကြောင်းနဲ့တော့ မဟုတ်ဘူး။လက်နက်ကြီးနဲ့ ရမ်းပစ်တာဖြစ်ပါတယ်၊ အပြန်အလှန်ပစ်ခတ်တာပေါ့။ အဲဒီလိုအနေအထား ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နမ်ဆန်ယန်ကျေးရွာရဲ့ စစ်ရေးအခြေအနေ အသေးစိတ်မသိရကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ မနက် ၄ နာရီအချိန်က ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တပ် ရင်း ၁၄ နယ်မြေ ရှထူးဇွပ်ကျေးရွာမှာ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့်ရဲ့ နေအိမ်အပါအဝင် ပြည်သူ့စစ်စခန်းသုံးခုကို KIA ဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကတော့ အဲဒီတိုက်ပွဲအတွင်း KIA ဘက်က သေဆုံးခဲ့ရတဲ့ တပ်သား ၅ ဦးရဲ့ အလောင်းနဲ့ သေနတ် ၅ လက်ကို သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ တပ်ဖွဲ့က တပ်သားတချို့ ကျဆုံးခဲ့ရသလို ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားတာပါ။
KIA တပ်သား ၅ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး အတိ အကျမသိရသေးသလို ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကတင်ထားတဲ့ ဓာတ်ပုံတချို့ဟာ ၂၀၂၁ ခုနှစ်က တည်းက ဓာတ်ပုံအဟောင်းတွေလို့ ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပါတယ်။
တဆက်တည်းမှာပဲ ဇူလိုင် ၈ ရက်နေ့အတွင်း ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်ကျေးရွာအနီး မိုင်ဆတ်ပါ အနီးဝန်းကျင်မှာလည်း KIA နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ကနေ နမ်ဆန်ယန်နဲ့ မိုင်ဆတ်ပါကျေးရွာဘက်ကို စစ်ကူဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လမ်းခုလတ်မှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ရေးအရလုပ်ရမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်ကနေ စစ်အင်အားတိုးချဲ့လှုပ်ရှားမှုတွေကြောင့် ဇူလိုင် ၁ ရက်နေ့ကစပြီး ဒီကနေ့အထိ ၁၀ ရက်အကြာ နှစ်ဖက်ပြင်းထန်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CNDF(၂၀၁၉-တပ်မတော်ရဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကို မြင်ရစဉ်)