ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ် ကောင်စီတပ်ဟာ ဇူလိုင် ၈ ရက်နေ့ကစပြီး လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ KIO တို့ကြား နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုနဲ့ စစ်ရှောင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး လိုင်ဇာမြို့အနီး ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတယ်လို့ ကြားသိရပါတယ်။ နှစ်ဖက်စစ်ရေး အခြေအနေ ဘယ်လိုဆက်ရှိနေပါသလဲ။

၈ရက်နေ့က လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ပစ်တာ ရှိပါတယ်။ ၉ရက်နေ့မှာလည်း ပစ်ပါတယ်။ ၁၀ရက်နေ့မှာလည်း ပစ်ပါတယ်။ ဒါပေမယ့်လိုင်ဇာ လူနေရပ်ကွက်မှာတော့ မပါဘူးပေါ့။ အဓိကကတော့ နမ်ဆန်ယန်ရွာဘက်မှာ ဖြစ်ပါတယ်။ သူတို့ စစ်ကြောင်းထိုးတဲ့ နေရာဘက်မှာ ဖြစ်ပါတယ်ခင်ဗျ။

 ၂။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေရော လုပ်ဆောင်နေလား။

လေကြောင်းနဲ့တော့ မဟုတ်ပါဘူး။ လက်နက်ကြီးတွေနဲ့ ပစ်တာဖြစ်ပါတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာပေါ့။ အဲဒီလိုအနေအထားဖြစ်ပါတယ်။

၃။ ပြီးခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘယ်လိုအခြေအနေတွေ ရှိနေပါသလဲ။

ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးက ကြားဖြတ်တိုက်ခိုက်မှုကို လုပ်မှာပဲ။ စစ်ကူတွေကို လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်တာ လုပ်ရမှာဖြစ်ပါတယ်။

 ၄။ စစ်ကောင်စီတပ်ကလည်း နောက်မဆုတ်ဘဲ စစ်ကြောင်းထိုးထားတယ်ဆိုတော့ နှစ်ဖက်တိုက်ပွဲ ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲ။

အခုလောလောဆယ် ဒီအချိန်ထိကတော့ သေနတ်သံတွေကတော့ မကြားရသေးဘူး။ ကျွန်တော်တို့ လိုင်ဇာနဲ့ နီးတဲ့နေရာမှာ ညနေပိုင်းလောက်မှ သေသေချာချာသိမှာပါ။ ဒါပေမယ့် လိုင်ဇာနဲ့ကြားရတဲ့နေရာတွေမှာ လက်နက်သံတွေကတော့ မကြားရဘူး။

၅။ နောက်ဆုံးအနေနဲ့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ ဘယ်လောက်ထိ ရှိလာပြီးလဲ။သူတို့အတွက် ဘာအကူအညီတွေ လိုအပ်နေပါသလဲ။

ကျွန်တော်တို့ လိုင်ဇာဘက်မှာ တိမ်းရှောင်တာမရှိပါဘူး။တိမ်းရှောင်စရာ နေရာလည်း မရှိပါဘူး။ တိမ်းရှောင်တာကတော့ နမ်ဆန်ယန်က ပြည်သူလူထူတွေကတော့ တိမ်းရှောင်ကြပါတယ်။ အဓိက ကတော့ မြစ်ကြီးနား ကားလမ်းဘက် မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.