သံဖြူဇရပ်၊ ဇူလိုင်(၁၁)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် တောင်ကလေးရဲစခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း၊ ဒရုန်းဗုံးသီးတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်(၆)ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ ခလယ်တံခွန်တိုင်ရဲစခန်းနဲ့ မွန်ပြည်နယ်ထဲမှာရှိတဲ့ တောင်ကလေးရဲစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တွေက ဒရုန်းအသုံးပြုပြီး ၆၀ မမ၊ ၈၁ မမ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် တောင်ကလေးရဲစခန်းရှိ ရဲ(၂)ဦး သေဆုံးခဲ့ပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဇူလိုင်(၇)ရက်နေ့ကလည်း ခလယ်တံခွန်တိုင်ရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံကို ၆၀ မမ၊ ၈၁ မမ ဗုံးသီးတွေနဲ့ ရှေ့ထွက်မိုင်းတွေအသုံးပြုပြီး ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြရာ ခလယ်တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
KNLA တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေး တိုက်ခိုက်နေစဉ်အတွင်းနဲ့ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ S.O.F တာဝန်ခံတပ်မှူးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံကို မိုင်းခွဲဖျက်ဆီးဆောင်ရွက်ရတာဟာ ဓာတ်အားခွဲရုံကနေ လျှပ်စစ်တွေဟာ ပြည်သူကိုပေးတာမဟုတ်ဘဲ စစ်ကောင်စီတပ်ဘက်ကသာ အသုံးပြုနေတာဖြစ်ပြီး အဲဒီခွဲရုံကလျှပ်စစ်တွေကို တပ်ရင်း၊ ရဲစခန်း၊ ဗျူဟာ၊ မြို့တွင်းမှာရှိတဲ့ CCTVနဲ့ ဆက်သွယ်ရေးကွန်ယက်လုပ်ငန်းတွေမှာ အများဆုံးအသုံးပြုနေတဲ့အတွက် တိုက်ခိုက်ရတာလို့ S.O.F က ထုတ်ပြန် ပြောဆိုထားပါတယ်။
ဒါ့အပြင် လျှပ်စစ်ဓာတ်အားခွဲရုံက ဝန်ထမ်း(၂)ဦးကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ခေါ်ယူစစ်ဆေးပြီး အပြစ်မရှိတဲ့အတွက် ဘေးလွတ်ရာကိုရှောင်စေခဲ့ကာ တော်လှန်ရေးရဲဘော်တွေက အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- S.O.F