ဘားအံ၊ ဇူလိုင်(၁၁)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝါးဘိုးတောကျေရွာအနီး ဝါးဘိုးတောနဲ့ဘုရင်ညီနောင်ဂူကြားက တံတားတစ်စင်းဟာ ဇူလိုင် ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလျားပေ ၈၀ အနံပေ ၃၀ လောက်ရှိတဲ့ အဲဒီတံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ခု ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားအလယ် ကြမ်းခင်းတချို့ ပေါက်ပြဲသွားတာ၊ တံတားလက်ရန်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ခဲ့တာပါ။

ဒါပေမဲ့ မနက်ပိုင်း ၉ နာရီကစပြီး အိမ်စီးကားနဲ့ဆိုင်ကယ်တွေကို သွားလာခွင့်ပေးခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာတော့ ကုန်တင်ကားတွေအပါအဝင် ခရီးသွားကားတွေကိုပါ ဖြတ်သန်းသွားခွင့် ပေးအပ်ခဲ့ပါတယ်။

မိုင်ခွဲဖျက်ဆီးခံရတဲ့ အဲဒီတံတားဟာ မြဝတီ၊ဘားအံ၊ သထုံ၊ ရန်ကုန်တို့ကို အဓိက ကုန်သွယ်နေတဲ့ လမ်းပိုင်းမှာ တည်ရှိနေတာဖြစ်ပြီး သထုံ-ဘားအံကားလမ်းမှာ အရှည်ဆုံးတံတားတစ်စင်း ဖြစ်တယ်လို့ သိရပါတယ်။

တံတားမိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်ကို ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တဲ့အတွက် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့တာပါ။

ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရစစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာ ဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.