ပေါင် – ဇူလိုင်(၁၀)
မွန်ပြည်နယ်၊ ပေါင်မြို့နယ် မြလေးချောင်မှာရှိတဲ့ စစ်ကောင်စီ ဩဇာခံ ပြည်သူ့စစ်တွေဆီက စတင်းဂန်း အပါအဝင် သေနတ်(၆) လက်နဲ့ ကျည်အိမ်(၈)ခုအပြင် ကျည်အတောင့် (၁၀၀) သိမ်းဆည်းရမိခဲ့တယ် လို့ တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၉) ရက်နေ့ညနေပိုင်းက သထုံခရိုင်အမှတ်(၂) KNLA/PDF ပူးပေါင်းတပ်ရင်းမှ UG ရဲဘော်တွေဟာ ဗမာစုမှာနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရွှေမြဆိုသူရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်စီးနင်းချိန်မှာ ရိုင်ဖယ်သေနတ်(၃) လက်၊ BA52 စတင်းဂန်း (၁) လက်၊ကျည်အိမ် (၆) ခုနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။
ဒါ့အပြင် ထပ်မံစစ်ဆေးချက်အရ နောက်ထပ်ပြည်သူ့စစ်အဖွဲ့ဝင်(၂) ဦးနေအိမ်ကနေ ရိုင်ဖယ် (၁) လက်စီ နဲ့ ကျည်အိမ်(၂)ခု ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဩဇာခံပြည်သူ့စစ်တွေဟာလက်နက်တွေသိမ်းဆည်းခံလိုက်ရပေမယ့် ပြန်လည်ခုခံတာမရှိဘဲ လက်နက် ချခဲ့တဲ့အတွက် အသက်အန္တရာယ်တစုံတရာ အရေးယူမှုမပြုလုပ်ခဲ့ဘဲ သတိပေးတာတွေပြုလုပ်ပြီး UG ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တပင်ရွှေထီးစစ်ကြောင်း