ဒိုက်ဦး၊ ဇူလိုင်(၁၁)

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က ဥပဒေမဲ့သတ်ဖြတ်မှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့တယ်ဆိုပြီး စစ်တပ်ကခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေတယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ဒိုက်ဦးမြို့ရှိ ကျိုက်ဇကောအကျဉ်းထောင်မှာ သွားရောက်စုံစမ်းရာ အကျဉ်းထောင်တာဝန်ရှိသူတွေက အကြိမ်ကြိမ်ငြင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ဇူလိုင် ၇ နဲ့ ၈ ရက်နေ့မှာလည်း အကျဉ်းသားကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းတို့ရဲ့ မိသားစုထံ ပေးပို့လာတဲ့ ကျိုက်ဇကောအကျဉ်းထောင် ဦးစီးအရာရှိရဲ့ အကြောင်းကြားစာမှာတော့ ကျိုက်ဇကောထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ရာလမ်းခရီးမှာ အချုပ်ကားတိမ်းမှောက်တာကို အခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သူတို့နှစ်ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကျိုက်ဇကောအကျဉ်းထောင်ကနေ ၂၀၂၁ နှောင်းပိုင်းကနေ ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

သေဆုံးခဲ့ရသူ ၇ ဦးမှာ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်ဝေထွန်း၊ ကိုအောင်မျိုးသူနဲ့ ကိုပြည့်ဖြိုးအောင်တို့ ဖြစ်ကြပါတယ်။

သူတို့ ၇ ဦးကို စစ်ကောင်စီကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၁၊ ၅၂၊ ၅၃တို့နဲ့ တရားစွဲဆို ထောင်ဒဏ်အမိန့် ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီလက် အောက်ခံ အကျဉ်းဦးစီးဌာနအပေါ် ထိရောက်တဲ့ဖိအားပေးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကိုသိုက်ထွန်းဦးက တောင်းဆိုတာပါ။

“အကျဉ်းထောင်ရဲ့ ဒီလိုလုပ်ရပ်တွေက ဘာလို့ဒီလောက်ထိ ဆိုးဝါးလာလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ သူတို့ကို ထိရောက်တဲ့ဖိအားပေးမှုတွေမရှိလို့ သူတို့ကငါတို့လုပ်လို့ရတယ်။ ငါတို့ကို နိုင်ငံတကာရော၊ ပြည်တွင်းမှာရှိတဲ့ကျန်တဲ့အဖွဲ့အစည်းကရော ဘာမှမလုပ်နိုင်ပါဘူးဆိုတဲ့အတွေး သူတို့မှာရှိနေတာလည်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကိုရော၊ NUG လူ့အခွင့်အရေးဝန် ကြီးဌာန၊ UNHCR ၊ ICRC တို့ကို တောင်းဆိုချင်တာက စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ အကျဉ်းဦးစီးဌာနတွေကို ထိရောက်တဲ့ ဖိအားပေးမှုတွေ အမြန်ဆုံးပေးပါ။ အမြန်ဆုံးထိထိရောက်ရောက်နဲ့ အကျဉ်းထောင်တွေမှာ မတရားညှဉ်းပန်းနှိပ်စက်မှုတွေမရှိအောင် အမြန်ဆုံးတောင်းဆိုပေးပါလို့ ကျွန် တော်က မေတ္တာရပ်ခံချင်ပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေထံ ပြန်ပေးတာမရှိသလို ဇူလိုင် ၇ ရက် နေ့မှသာ သေဆုံးကြောင်း မိသားစုဝင်တွေကို စတင်အကြောင်းကြားခဲ့တာဖြစ်တဲ့အတွက် ရုပ်အလောင်းကို မိသားစုဝင်တွေ မမြင်ခဲ့ရဘူးလို့ သူကပြောပြပါတယ်။

အခုလုပ်ရပ်တွေဟာ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်လုပ်ဆောင်တာဖြစ်ပြီး မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်တာဖြစ်တဲ့အပြင် ကြီးမားတဲ့ရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်တဲ့ လုပ်ရပ်ဖြစ်သလို အာဆီယံလူ့အခွင့်အရေးပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ AAPP က ဆိုပါတယ်။

ဇူလိုင် ၂ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းဟာ မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်လို့ သေဆုံးသွားတယ်လို့ မိသားစုထံ အကျဉ်းထောင်တာဝန်ရှိသူတွေက အကြောင်းကြားခဲ့ပါတယ်။

ဒါပေမဲ့ ဦးစိန်ဝင်းကို ထောင်ပြင်ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာမှာ ပါဝင်ခဲ့တယ်လို့ ထောင်တွင်းရှိအကျဉ်းသားတွေထံကသိရှိရပြီး သေဆုံးချိန်မှာတော့ အညိုအမည်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ မိသားစုအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AAPP က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာလည်း အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်သူလို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ကို သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းချိန်မှာ ထွက်ပြေးဖို့ ကြိုးစားလို့ဆိုပြီး စစ်တပ်ကပစ်သတ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် လက်ခံနိုင်စရာမရှိသလို စစ်ကောင်စီအနေနဲ့ အပြည့်အဝတာဝန်ယူ တာဝန်ခံရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

”လုံးဝလက်ခံလို့ မရတဲ့လုပ်ရပ်ပေါ့။ ဒီလုပ်ရပ်အပေါ်မှာ အစွန်းရောက်အကြမ်းဖက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်ဆိုတာ ပြောချင်တယ်။ လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံးချိုးဖောက်နေတဲ့ အကျဉ်းထောင်အသီးသီး စစ်ကြောရေးစခန်းတွေအပါအဝင် သူတို့က တပ်စခန်းတွေထဲထိ စစ်ကြောရေးဆိုပြီး ခေါ်သွားပြီးတော့ တကယ့်တကယ်ကျ လူအစုလိုက်အ ပြုံလိုက်ကို သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် သူတို့က နိုင်ငံရေးအကျဉ်းသားအပေါ် ငါတို့ ပြန်ပေးဆွဲထားတယ်၊ ငါတို့ရဲ့ ဓားစာခံတွေဖြစ်တယ်၊ ငါတို့ ခြင်းထဲက ကြက်တွေဖြစ်တယ်၊ ငါတို့ လက်ခုပ်ထဲက ရေဖြစ်တယ်။ အဲဒီအတွက် ကြောင့် ငါတို့သူတို့ကို ချေမှုန်းရမယ်ဆိုတဲ့ ဥပဒေမဲ့မတရားသဖြင့် အခုလိုမျိုးဖိနှိပ်ညှင်းပန်းနှိပ်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ကိစ္စတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ အဲဒီအတွက်ကြောင့် တာဝန်အရှိဆုံးက စစ်ကောင်စီဖြစ်တယ်။ အပြည့်အဝတာဝန်ယူ၊ တာဝန်ခံရမှာလည်း စစ်ကောင်စီဖြစ်တယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ အခုဖြစ်စဉ်အပါအဝင် စစ်ကောင်စီကျူးလွန်နေတဲ့ ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်တာ မရှိတဲ့အတွက် နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေမှာ အရေးယူနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ AAPP က တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းကာလအတွင်း တရားမဲ့သတ်ဖြတ်ခံရသူ ၃၇၅၀ ကျော်ရှိပြီး အကျဉ်းထောင်တွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေ၊ စစ်ကြောရေးစခန်းတွေမှာ မတရားနှိပ်စက်သတ်ဖြတ်ခံခဲ့ရသူ ၁၅၀ ဦး ရှိပြီလို့ AAPP ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Network For Human Rights Documenation Burma

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.