တနင်္သာရီ၊ ဇူလိုင်(၁၁)

တနင်္သာရီတိုင်းဒေသကြီး မြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇွန်လတစ်လအတွင်း အရပ်သားပြည်သူ ၂၃ ဦးသတ်ဖြတ်ခံရပြီး ဒေသခံ ၁၇၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်လို့ ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က ဒလန်ခေါင်းစဉ်နဲ့ ရှင်းလင်းမှုကြောင့် ၆ ဦးနဲ့ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရတာ ၇ ဦး ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလထဲမှာ အရပ်သားပြည်သူ ၁၇၀ ထက်မနည်း စစ်ကောင်စီဖမ်းဆီးခဲ့ပြီး ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်အရပ်သားပြည်သူတွေကိုတော့ ဆက်လက်ဖမ်းဆီးစစ်ဆေးခံရတာ၊ ပြစ်ဒဏ်ကြီးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှုအရ ပုလောမြို့နယ်က ၈ ဦး၊ ကော့သောင်းနဲ့ လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်တို့မှာ ၃ ဦးစီ၊ မြိတ်နဲ့တနင်္သာရီမြို့နယ်တို့မှာ ၂ ဦးစီနဲ့ ကျန်မြို့နယ်တို့မှာ ၁ ဦးစီ ပါဝင်ပါတယ်။

အရပ်သားသေဆုံးမှုဟာ ပြီးခဲ့တဲ့မေလနဲ့ နှိုင်းယှဉ်ရင် ၂ ဦး ပိုတိုးလာပြီး မေလမှာတော့ အရပ်သား ၂၁ ဦး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုဟာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို သွားရောက်တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၃၅,၀၀၀ ကျော်အထိရှိလာပြီလို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Tanintharyi Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.