စစ်တွေ – ဇူလိုင်(၁၀)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မတိုင်မှီ (၃) ရက်လောက်အလိုတည်းက စစ်တွေမြို့မှာ မလိုလားအပ်ဘဲ လုံခြုံရေးတင်းကြပ်တာတွေကြောင့် ပြည်သူတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ(၁၀) ရက်နေ့ မနက်(၈) နာရီလောက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာ ပြီးနောက် စစ်တွေမြို့ ရှုခင်းသာပတ်လမ်းတစ်လျှောက်က မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ နေရာတွေကို လှည့်ပတ်ကြည့်ရှုခဲ့ကာ ဒ.စ.က ရုံးစိုက်ရာကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
” သူပါတာကတော့ သေချာတယ်။ ကျန်တဲ့ဘယ်သူတွေပါတယ်ဆိုတာတော့ အတိကျ မသိရသေးဘူး။ ကျွန်တော်တို့လည်း သူလာမယ်ဆိုတာနဲ့ လိုတာရော မလိုတာရော အကုန်လုပ်ပေး နေရတယ် ” လို့အမည်မဖော်လိုတဲ့ အစိုးရဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကိုလာရောက်တာ အခုအကြိမ်နဲ့ ဆိုရင် (၄) ကြိမ်အထိရှိနေပြီး ဖြစ်တယ်လို့ သိရပါတယ်။
မုန်တိုင်းဒဏ်အကြီးအကျယ်ခံစားခဲ့ရတဲ့ ပြည်သူတွေကတော့ စစ်ခေါင်းဆောင်အခုလို လာရောက်တာဟာ ကိုယ်ထူကိုယ်ထပြင်ဆင်ထားရတဲ့ ရခိုင်ဒေသကို နှမ်းဖြူးဖို့ရောက်လာတဲ့ သဘောမျိုးသာဖြစ်တယ်လို့ ဆိုပါတယ်။
“သူက ကိုယ့်ဘာသာကိုယ်ဆောက်ထားတဲ့ အိမ်တွေရှေ့ကဖြတ်သွားပြီးတော့ သူပေးသယောင် ဘာညာနဲ့ နှမ်းဖြူးချင်လို့လာတာနေမှာပေါ့။ အခုထိ စစ်ကောင်စီကပေးတာဆိုလို့ ဆန်နှစ်ပြည်၊ မာမီးခေါက်ဆွဲနှစ်ထုပ်နဲ့ ကြက်ဥ တစ်လုံးပဲ ရဖူးသေးတယ် ” လို့ အမည်မဖော်လိုတဲ့ ရခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ဒီနေ့ညပိုင်းမှာ စစ်တွေမြို့ ဝေသာလီဖ အားကစားကွင်းကို လာရောက်ကြည့်ရှုသွားခဲ့သလို မနက်ဖြန်မှာတော့ စစ်တွေမြို့က လောကနန္ဒာစေတီအတွင်းက သာသနာ့ဗိမ္မာန်တော်မှာ တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ ရှိနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။
သတင်း/ဓာတ်ပုံ – သံလွင်တိုင်းမ်