ကျိုက်ထို၊ ဇူလိုင်(၁၁)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စံအိမ်တော်တည်းခိုခန်းနဲ့ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ၄ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က တည်းခိုးခန်းပိုင်ရှင် ဦးပြည့်စုံဟိန်းနဲ့ ဝန်ထမ်း ၃ ဦးဟာ စစ်တောင်းကျေး ရွာကနေ သိမ်ဇရပ်ဘက်အသွား ကမ်းနီကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ဦးပြည့်စုံဟိန်းဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး သတင်းပေးဒလန်လုပ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို လက်နက်ကိုင်အဖွဲ့အစည်းတချို့က ပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့ သတိပေးခံထားရပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ဦးပြည့်စုံဟိန်းဟာ စစ်ကောင်စီတပ်ထံ သတင်း ပေးလုပ်ဆောင်နေတယ်လို့ ကြားသိရကြောင်းနဲ့ သူတို့ကိုဘယ်အဖွဲ့အစည်းက ဖမ်းဆီးခဲ့လဲဆိုတာ စုံစမ်းမေးမြန်းတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးပြည့်စုံဟိန်းနဲ့ ဝန်ထမ်း ၃ ဦးဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေပြီး ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားလဲဆိုတာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံတွေအဆိုအရ ဦးပြည့်စုံဟိန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သြဇာကြီးထွားလာပြီး စစ်ကောင်စီတပ်အရာရှိပိုင်းတွေနဲ့ မကြာခဏသွားလာတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီသတင်းပေးဒလန်တွေ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီဒေါက်တိုင်လုပ်သူတွေ မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းခံနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.