ရေး၊ ဇူလိုင်(၉)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်နောက်ဆုံးပတ်ကစပြီး နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးပိုမိုတင်းမာလာပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ကြား ဇွန် ၂၅ ရက်နေ့ကစပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက် တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့တာပါ။
ဒီအခြေအနေမှာ နယ်မြေလုံခြုံရေး စိုးရိမ်ရတာကြောင့် စစ်ကောင်စီဟာ ရေးမြို့နယ်အတွင်းရှိ ခေါဇာမြို့နဲ့ လမိုင်းမြို့ရှိ ဌာနဆိုင်ရာရုံးတွေကို တဖြည်းဖြည်းချင်း ပိတ်သိမ်းလာတာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီက နေရာမျိုးစုံမှာ လုံခြုံရေးတင်းကြပ်ထားတာ၊ ကျေးရွာတွေထဲ လက်နက်ကြီး မကြာခဏဆိုသလို ရမ်းသမ်းပစ်ခတ်နေတာကြောင့် သွားရေးလာရေးကအစ အခက်ကြုံလာရတယ်လို့ ရေးမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့က လုံခြုံရေးအပိုင်းကို အဓိကထားပြီး အုပ်ချုပ်နေရတယ်၊ စစ်အုပ်ချုပ်ရေးကြေညာပြီးက တည်းက ဖွံ့ဖြိုးရေးအပိုင်း အားနည်းလာတယ်။ လမ်းပိုင်းဆက်သွယ်ရေးကလည်း အဆင်မပြေတော့ဘူး။ ဌာနဆိုင်ရာရုံးတွေ သွားလာဖို့ ခက်ခဲလာတယ်။ အရင်လိုမဟုတ် အတားအဆီးတွေ များလာတယ်။ မြို့ပေါ်မှာနေသူရော၊ ကျေးရွာမှာနေသူရော တချို့ရုံးကိစ္စတွေလုပ်တော့ အခက်အခဲတွေ ရှိလာတယ်။ သူတို့ကလည်း လုံခြုံရေးတင်းကြပ်လာတဲ့အတွက် နိုင်ငံခြားသွားမယ့်သူတွေ လူငယ်တွေက Passport ကိစ္စတို့ လ.ဝ.က ကိစ္စတွေမှာ အခက်အခဲတွေ ဖြစ်လာတာပေါ့”လို့ သူက ဆိုပါတယ်။
ရေးမြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်မှုနဲ့အတူ နယ်မြေအေးချမ်းမှုမရှိတဲ့အတွက် ငွေကြေးတတ်နိုင်သူတွေဟာ မြို့ကြီးတွေမှာ ပြောင်းရွှေ့နေထိုင်လာကြသလို ပညာရေးပိုင်းမှာလည်း နိုင်ငံခြားအပြင် ပြည်နယ်အတွင်းက အခြားမြို့နယ်တွေမှာ ပြောင်းထားလာကြတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကစပြီး မော်လမြိုင် – ရေး – ထားဝယ်အမှတ်(၈)လမ်းမကြီးတစ်လျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းတွေ ကနယ်မြေထိန်းချုပ်မှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။
ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေကို ဆောင်ရွက်လာတဲ့အပေါ် စစ်ကောင်စီဘက်က ဇွန် ၂၀ ရက်နေ့ကစတင်ပြီး အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ရာဘာခြံထဲကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လမိုင်းမြို့ခံတစ်ဦးကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ခရီးသွားလာတာနဲ့ လုပ်ငန်းခွင်ဝင်တာကအစ စိုးရိမ်ပူပန်မှုရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မော်လမြိုင်ဘက်သွားတာဖြစ်ဖြစ်၊ သံဖြူဇရပ်သွားတာဖြစ်ဖြစ် ကြားထဲမှာသွားတဲ့အချိန် တိုက်ပွဲဖြစ်မှာလည်း ကြောက်ရတယ်။ အဲဒီကြားထဲမှာ ပြည်သူလူထုကားကိုလည်း သူတို့ပစ်မှာလည်း စိတ်ပူကြတာပေါ့။ အစစရာရာ အကုန်လုံးစိတ်ပူတယ်။ သံဖြူဇရပ်မြို့နယ် မဝင်ခင်ဆိုလို့ရှိရင် ပြည်သူတွေက ဂါထာပါရွတ်နေရတာ အဲဒီနေရာသွားတဲ့အခါကျရင်”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာလည်း ရေးမြို့နယ် ပင်လယ်ကမ်းစပ်အနီးရှိ နှစ်ကရင်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းနဲ့ ပြန်လည်တုံ့ပြန်ခဲ့တဲ့အတွက် နှစ်ကရင်ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာနှစ်ကရင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ လာရောက်တပ်စွဲထားပြီး ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားပြည်သူ ၁၅ ဦးကို ရက်ခြားဆိုသလို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံရပြီး နယ်မြေတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လာနိုင်တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT