ဘီးလင်း၊ ဇူလိုင်(၉)
မွန်ပြည်နယ်ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KUN သထုံခရိုင်က ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဇီးဝန်းအခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၄) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ရွှေရောင်ပြကျေးရွာထဲကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွှေရောင်ပြကျေရွာ နော်တင်အေးနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၅၇ နှစ်အရွယ် နော်တင်အေးအပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။
လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ဆေးတပ်ဖွဲ့က အရေးပေါ်ကုသပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ အမှတ်(၃၁၄) အမြောက်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၇ ရက်နေ့ မနက်အစောပိုင်းမှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲအကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိ မရှိ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU