မော်လမြိုင်၊ ဇူလိုင်(၈)

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ သတင်းပြန်ကြားရေး Facebook စာမျက်နှာကနေ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်တဲ့ နိုင်ဗညားလယ်၊ နိုင်အောင်မငေးတို့နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးအစီအစဉ်ကို မွန်ဘာသာနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

နိုင်ဗညားလယ်ရဲ့ ပြောဆိုချက်အရ မွန်ပြည်သစ်ပါတီရဲ့ လက်ရှိရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းဖို့ အမြဲတမ်းဆုပ်ကိုင်ထားတယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

ရှေ့လျှောက် နိုင်ငံရေးဆွေးနွေးမှုမှာ အဖွဲ့အားလုံးပါဝင်ရမှာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံအဖွဲ့အစည်းတွေ အများအပြားပေါ်ပေါက်လာနေတာကြောင့် EAO ၁၀ ဖွဲ့နဲ့ ဆွေးနွေးရုံနဲ့ ရလဒ်ကောင်းရနိုင်မှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

ရလဒ်ကောင်းတစ်ခုထွက်ဖို့ နိုင်ငံရေးပါတီအားလုံး ပါဝင်ရမှာဖြစ်သလို အတိုက်အခံအဖွဲ့အစည်းအားလုံးလည်း ပါဝင်ရမှာဖြစ်တာကြောင့် ဝါရင့် နိုင်ငံရေးပါတီတွေဖြစ်တဲ့ SNLD နဲ့ NLD ပါတီတို့ အထိုက်အလျောက်ပါမှသာ မွန်ပြည်သစ်ပါတီက နိုင်ငံရေးဆွေးနွေးမှုမှာ ဆက်လက်ပါဝင်မယ်လို့ နိုင်ဗညားလယ်က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အားလုံးပါရင် မိမိတို့လည်း ပါဝင်သွားမယ်လို့ ပြီးခဲ့တဲ့ဇွန်လအတွင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီကို အင်တာဗျူးဖြေဆိုထားတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုး EAO ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ EAO ၃ ဖွဲ့တို့က ၅ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားကြပါတယ်။

အဲဒီထဲမှာ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ မွန်လူထုတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ အုပ်စုအလိုက်ဖြစ်စေ ၆ ကြိမ်အထိ တက်ရောက် ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.