ထားဝယ်၊ ဇူလိုင်(၉)
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ လဝကရုံးအနီးလမ်းပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် မှတ်ပုံတင်လာလုပ်တဲ့ ထားဝယ်မြို့ ဝဲကျွန်းရပ်နေ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး ခြေထောက်နဲ့ခန္ဓာကိုယ်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိပြီး ထားဝယ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာနဲ့ လဝကရုံးထဲ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့ကလည်း ထားဝယ်မြို့ရှိ လဝကရုံးနဲ့ကညနရုံး တိုက်ခိုက်ခံရပြီး လဝကရုံးကနေထွက်လာတဲ့ ယာဉ်ထိန်းရဲဟောင်းဦးညွှန့်ရွှေ ပစ်သတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာလည်း PDF တွေ ဝင်လာမယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က မြို့တွင်းမြို့ပြင်တွေမှာ လုံခြုံရေးတင်းကြပ်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media