ညောင်လေးပင်၊ ဇူလိုင်(၉)

ကရင်အမျိုးသားအစည်းအရုံး KNUညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၅,၀၀၀ နီးပါး ထွက်ပြေးနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် KNU ညောင်လေးပင်ခရိုင်ထဲမှာ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ ဟာ(၃) ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာတွေထဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ(၂)ဦး သေဆုံးကာ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၁၃)လုံး၊ ထင်းတဲ(၁)လုံး၊ မြက်ရိတ်စက်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး နွား(၃)ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုန်ကြီးကျောင်း(၁)ကျောင်းအတွင်း စစ်ဘေးရှောင်နေတဲ့ အရပ်သားပြည်သူဦးရေ(၅၀)နီးပါးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးသွားခဲ့တဲ့ ပြည်သူတွေဆီကနေ ဖုန်း(၇)လုံးနဲ့ ငွေကျပ်(၂၅)သိန်းကျော်ကို အဓမ္မသိမ်းယူသွားခဲ့တဲ့အပြင် နေအိမ်၊ ဆိုင်ကယ်၊ စက်ကိရိ အသုံးအဆောင်ပစ္စည်း စတာတွေကို မီးရှို့ဖျက် ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် (၅)ရက်တာအတွင်းမှာ KNU ညောင်လေးပင်ခရိုင်အတွင်းရှိ ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ငဖယ်အင်းစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူဦးရေ(၄၆၇၂)ဦးဟာ ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ဒါ့အပြင် လူဦးရေစာရင်းအတိအကျ မရရှိသေးတဲ့ အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ရေတွင်းကုန်း၊ စတဲ့ ကျေးရွာတွေနဲ့ အတည်မပြုနိုင်သေးတဲ့ ကျေးရွာတွေက ပြည် သူလူထုအမြောက်အများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က ထုတ်ပြန်တာပါ။

နှစ်ဖက်တိုက်ပွဲပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူအများအပြားဟာ လတ်တလောမှာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.