နေပြည်တော်၊ ဇူလိုင်(၉)

စစ်ကောင်စီလက်ထက် ကုန်သွယ်မှုလိုငွေပြတဲ့ ပြဿနာပိုမိုဆိုးဝါးလာတာကြောင့် ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ် ပြည်သူတွေထပ်ခံရနိုင်တယ်လို့ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုဘဏ္ဍာရေးနှစ် ဧပြီလနဲ့ မေလအတွင်း ပို့ကုန်နဲ့သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၁၂၀၀ ကျော် လိုငွေပြနေတယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီနှစ်လအတွင်း ပို့ကုန်ကဏ္ဍကနေ ကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်သာရရှိခဲ့ပေမယ့် သွင်းကုန်ကဏ္ဍမှာတော့ ကန်ဒေါ်လာသန်းပေါင်း ၃၂၀၀ ကျော်အထိ သုံးစွဲထားရပြီး ကန်ဒေါ်လာ သန်းပေါင်း ၁၂၀၀ ကျော် လိုငွေပြနေတာပါ။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကတော့ ကုန်သွယ်မှုမှာ ပို့ကုန်သွင်းကုန်ကွာဟချက်ရှိတာအပြင် လက်ရှိ ပိတ်ဆို့အရေးယူမှုတွေကြောင့်လည်း ပို့ကုန်တင်ပို့ရမလွယ်ကူသလို ဒေါ်လာလိုအပ်ချက်တွေကြောင့် လိုငွေပြနေရတာဖြစ်တယ်လို့ ပြောပါတယ်။

“လိုငွေပြတယ်ဆိုတာက ကျွန်တော်တို့က ပို့ကုန်၊ သွင်းကုန်ကရတဲ့ငွေပေါ့နော်။ သွင်းကုန်နဲ့ ပို့ကုန်အဲဒီလိုဟာကို ချိန်ထားတဲ့ကြားက ကွာဟချက်ကို လိုငွေလို့ခေါ်တာပေါ့။ ဆိုတော့အခုကတော့ ဒေါ်လာလိုအပ်ချက်ကလည်း အရမ်းများတယ်လေ။ အရမ်းများတော့ ကျွန်တော်တို့ ဒီဘက်ကပို့ကုန်တွေအ များကြီး မပို့နိုင်ဘူးပေါ့။ ပို့လို့ရတဲ့ဟာတွေကြတော့လည်း အခုလည်းလက်ရှိ ဘဏ်တွေပိတ်တာနဲ့ စီးပွားရေးအရေးယူမှုတွေနဲ့ဆိုတော့ ဒီဘက်မှာလည်း နည်းနည်းဒေါ်လာရှားပါးမှု ဖြစ်နေတာပေါ့။ အခုကအလုပ်တွေ မကောင်းကြဘူးလေ။ နိုင်ငံခြားကနေ ပစ္စည်းဝယ်ဖို့ ပစ္စည်းမှာချင်တာပေါ့လေ။ ဥပမာတရုတ်တို့၊ ထိုင်းတို့အခြားခြားသော နိုင်ငံတွေပေါ့ လေ။ အဲဒီကနေ ဒီမှာကျွန်တော်တို့ဒီပစ္စည်း မှာချင်တယ်ဆိုရင် မလွယ်ဘူးလေ။ အဓိကဘာမလွယ်တာလဲဆိုရင် ငွေကိုမရှိလို့။ အခုကဒေါ်လာကို ဘယ်နားက လိုက်ဝယ်ရမှန်မသိဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပို့ကုန်သွင်းကုန်ကဏ္ဍတွေမှာ ဒေါ်လာလိုအပ်ချက်တွေ မြင့်တက်လာပါက လုပ်ငန်းလျော့ချရတာတွေ ဖြစ်နိုင်သလို လုပ်ငန်းအသစ်လုပ်ကိုင်ဖို့နဲ့ လုပ်ငန်းတိုးချဲ့နိုင်မှုတွေမှာပါ အခက်အခဲဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီအနေနဲ့ လိုငွေလျော့ချဖို့အတွက် ပြည်တွင်းထုတ် ကုန်တွေကို များများထုတ်ခိုင်းလာနိုင်သလို သွင်းကုန်တွေလျော့ချပါက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေထပ်မံခံစားရနိုင်တယ်လို့ သုံးသပ်တာပါ။

“အဓိကတော့ ပို့ကုန်ငွေနဲ့ သွင်းကုန်ငွေနဲ့ မမျှတဘူး။ လိုငွေပြတယ်ဆိုရင် ဒီဘက်မှာ ကျွန်တော်တို့က စီးပွားရေးအကျိုးဆက်ကိုတွက်ကြည့်ရင် ဘာလုပ်ရလဲဆိုရင် အစိုးရတွေ၊ နိုင်ငံတွေဘက်ကနေ စဉ်စားရင်ပေါ့။ တတ်နိုင်သလောက် ပြည်တွင်းမှာပဲ များများထုတ်ပေါ့နော်။ နိုင်ငံခြားကိုများများပို့၊ ပို့ပြီးတော့ ဒီလိုငွေကိုရအောင် ရှာတဲ့နည်းပေါ့။ အဓိကတော့ပို့ကုန်ကို မြှင့်တင်တဲ့အပိုင်း လုပ်တာပေါ့လေ။ ပို့ကုန်ကိုများများ နိုင်ငံခြားကိုပို့လို့ရအောင်လုပ်သလို ဒီဘက်သွင်းကုန်ကိုလည်း လျော့ချတာပေါ့။ တကယ်မလိုအပ်တဲ့ဟာတွေကို တကယ်မဝယ်ခိုင်းတော့ဘူးပေါ့။ ဒီဘက်မှာကျတော့ ဘာဖြစ်လဲဆိုတော့ အဲဒါဆိုရင် အခြေခံစက်သုံးဆီတွေ ထိန်းနိုင်ပေမယ့် အခြားသောဒီလျှပ်စစ်ပစ္စည်းနဲ့ဆိုင်တာတွေ ဆောက်လုပ်ရေးနဲ့ဆိုင်တာတွေ အဲဒီဈေးတွေတော့ တက်ကုန်မှာပေါ့။ သွင်းရတာခက်တာရယ်၊ ပြီးတော့နိုင်ငံခြားငွေ ရှားပါးတာရယ်ပေါ့လေ။ အဲဒီလိုမျိုး၊ သူကအရေးကြီးတဲ့ကဏ္ဍတွေကိုပဲ ဦးစားပေးပြီး ဝယ်ယူရောင်းဝယ်ရေးကို လုပ်တာပေါ့လေ။ ဒါကတော့ သီအိုရီအရ ပြောပြတာပါ”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဒေါ်လာလိုအပ်ကြောင့် ပြီးခဲ့တဲ့နှစ်က နိုင်ငံပိုင်မြန်မာရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ကို ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုနဲ့အတူ ပြည်ပမှာကျန်ရှိနေတဲ့ ဒေါ် လာသန်း (၅၀၀) ကျော်ထက်မနည်း ရရှိရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှာ လျှို့ဝှက်ဘဏ်စာရင်းတွေ ဖွင့်လှစ်ခိုင်းခဲ့ပါတယ်။

လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ခိုင်းတဲ့အပေါ် သတင်းပေါက်ကြားတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက MOGE ရုံးမှ တာဝန်ရှိသူတွေအပါအဝင် ဝန်ထမ်း ၂၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းဌာနတချို့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာငွေ ရရှိစေဖို့အတွက် ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာ (၄)ခု ဖြစ်တဲ့ MPT, ATOM, Ooredooနဲ့ MyTel တို့ကိုလည်း ညွှန်ကြားချက်တွေ လိုက်နာမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ရိုက်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ စစ်ကောင်စီလက်ထက်မှာ ဘဏ္ဍာရေးလိုငွေပြမှု မြင့်တက်လာပြီး GDP ဟာ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာမယ်လို့ ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါ ကျဆင်းလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.