ဗန်းမော်၊ ဇူလိုင်(၈)ကချင်ပြည်နယ် လိုင်ဇာခရိုင်အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားထပ်မံ ဖြည့်တင်းလာတာကြောင့် နှစ်ဖက်စစ်ရေးပိုမိုတင်းမာလာတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၄) နဲ့ ရွှေမင်း ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၃) နယ်မြေ ဆဒုံး – ကန်ပိုက်တီလမ်းကြောင်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ ဇူလိုင်ပထမပတ်အတွင်း စစ်ကြောင်းထိုးတာတွေ နောက်ဆုတ်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နဲ့ ၁၁ မိုင်ကျော်လောက်သာ ကွာဝေးတဲ့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ ဆက်လက်တပ်စွဲနေထိုင်ပြီး စစ်အင်အားထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီဘက်က အင်အားဖြည့်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက လက်ရှိမှာ စစ်ကောင်စီဟာ မြစ်ကြီးနားဘက်ကနေ အင်အားထပ်ဖြည့်နေသလို ဗန်းမော်ဘက်ကနေလည်း စစ်ကြောင်းထိုးထားတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ငြိမ်နေပါတယ်။ သေနတ်သံတွေကတော့ မကြားတော့ဘူး။ တိုက်ပွဲကတော့ အားလုံးက ငြိမ်းသွားတဲ့ ပြီးဆုံးသွားတဲ့ အနေအထားတော့ မဟုတ်ဘူး။ စစ်ကောင်စီဘက်က စစ်ကြောင်းတွေလည်း ထိုးထားနေတုန်း ဖြစ်ပါတယ်။ မြစ်ကြီးနားဘက်ကနေလည်း စစ်ကြောင်းတွေ ထပ်ဖြည့်တဲ့သတင်း ကြားပါတယ်။ ဘယ်မှာရောက်တယ်ဆိုတော့ အတိအကျ မသိသေးဘူး။ဗန်းမော်ဘက်ကနေလည်း စစ်ကြောင်းတွေ ထိုးထားတာရှိတယ်။ ၅ ရက်နေ့မှာ နမ်ဆန်ယန်နားမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒါတွေ ပြန်မရုတ်ဘူးဆိုတော့ တိုက်ပွဲကလည်းပြန်ဖြစ်ဖို့ အနေအထားတော့ ရှိပါတယ်။ ဒါကြောင့် စစ်ရေးအခြေအနေက တင်းမာတဲ့ အနေအထားဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ဟာ စစ်အင်အားဖြည့်ပြီး စစ်ကြောင်း ထပ်မံထိုးလာတဲ့အတွက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၃) လက်အောက်ခံ ရှေ့တန်း လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လက်ရှိမှာလည်း လဂတ်ကောင်တပ်စခန်း အနီးတဝိုက် စစ်ကောင်စီဘက်ထိုးထားတဲ့ စစ်ကြောင်းအားလုံးပြန်ဆုတ်သွားတဲ့ အနေအထားမတွေ့ရတဲ့အတွက် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲတွေ အချိန်ကြာဖြစ်ခဲ့လို့ရှိရင် ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာတွေ ကြိုတင်စုဆောင်းထားဖို့ လိုအပ်တယ်လို့ သူကသတိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင်ပထမပတ်အတွင်း ဗန်းမော်-မြစ်ကြီးနား- ရွှေကူမြို့တွေဘက်ကနေ စစ်အင်အားထပ်ဖြည့်လာနေပြီး ဇူလိုင် ၃ ရက်နေ့မှာ ဗန်းမော်ကနေ စစ်အင်အား ၂၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း ခွဲပြီးတက်လာနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဇူလိုင် ၄ ရက်နေ့မှာလည်း ရွှေကူမြို့ကနေ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကို ရေကြောင်းအတိုင်း ထပ်မံစစ်ကြောင်းထိုးလာနေတာပါ။

ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့မှာတော့ မြစ်ကြီးနား – ဝိုင်းမော်ကနေ ကုန်တင်ယာဉ် ၁၂ ဘီးကား လေးစီးနဲ့ စစ်အင်အားအပြည့် နမ်ဆန်ယန်ဘက်ကို အင်အားဆက်တိုက် ဖြည့်တင်းလာနေတယ်လို့ ဒေသတွင်း သတင်းဌာနတွေကနေ သိရပါတယ်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားသွားလာဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးကနေ ဇူလိုင် ၄ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.