ရန်ကုန်၊ ဇူလိုင်(၈)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူမှုကယ်ဆယ်ရေးသမား ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံအရေးတင်ပြစဉ် လူမှုကယ်ဆယ်ရေးသမားတွေ သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေကို တင်ပြခဲ့တာပါ။

သတ်ဖြတ်ခံရတဲ့ လူမှုကယ်ဆယ်ရေးသမားတွေဟာ စစ်ကောင်စီနဲ့ လက်နက်ကိုင် တော်လှန်နေသူတွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ရိုက်တိုက်ခိုက်ခံနေရတာတွေ ပါဝင်ပါတယ်။

တိုက်ခိုက်သတ်ဖြတ်ခံရတဲ့ လူမှုကယ်ဆယ်ရေးသမား အများစုဟာ ပြည်တွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေဖြစ်ပြီး ဒီတိုက်ခိုက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turkက ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း နှစ်ဖက်တိုက်ပွဲအတွင်း ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို တက်နိုင်လောက် ရှောင်ကွင်းပေးကြဖို့နဲ့ ပစ်ခတ်တာတွေမလုပ်ဖို့ တောင်းဆိုတာပါ။

“တတ်နိုင်ရင်တော့ဗျာ အေးအေးချမ်းချမ်းနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းတွေကို နားလည်မှုတစ်ခုထားပြီးတော့ ကွင်းရှောင်ပေးဖို့ပေါ့။ အခြားနိုင်ငံအသီးသီးမှာဆိုလည်း ဟိုဘက်ဒီဘက်ပစ်နေတာတောင် လူနာတင်ယာဉ်ဖြတ်သွားတဲ့အခါ အပစ်ရပ်ပြီးမှ နောက်မှသူတို့ဟာသူတို့ပစ်တာတွေရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ လူနာသွားကောက်ရင်ကို သီးခြားပုံစံမျိုးနဲ့ကို ပစ်ခတ်တာတွေရှိတော့ စိတ်မကောင်းဘူး။ ဖြစ်နိုင်ရင်တော့ ဖြစ်ချင်တာကတော့ လူနာတင်ယာဉ်ကားအတွက် နားလည်မှုလေးပေးဖို့” လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ရဲ့ အစီရင်ခံစာအရ နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပံ့ပိုးပေးနေတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေဟာ အာဏာသိမ်းကာလမှာ အကြီးမားဆုံး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။

အဲဒီထဲမှာ မတရားဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ တရားရေးမဏ္ဍိုင် ကွပ်မျက်မှုတွေအပါအဝင် အရက်စက်ဆုံးပုံစံတွေကို ထပ်ခါတလဲလဲ ချိုးဖောက်မှုတွေကိုလည်း ဆက်လက်မှတ်တမ်းတင်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ သတိပေးထားပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူနောက်တစ်ဦးကလည်း တိုက်ပွဲတွေအတွင်း ကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာ အသက်အန္တရာယ်အတွက် အရမ်းစိုးရိမ်နေရပြီး တချို့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က ကယ်ဆယ်ရေးအသင်းကားတွေကို အသုံးပြုတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ပြောပြလို့တောင် မတတ်ဘူးခင်ဗျ။ နှစ်ဖက်ချနေကြတယ်။ ကိုယ်က ကြားထဲမှာညပ်နေတဲ့လူတွေကို သွားကြည့်ပေးရတယ်ဆိုရင် အန္တရာယ်လည်းအရမ်းများတယ်လေ။ အသက်အန္တရာယ်စိုးရိမ်ရမယ့်အနေအထား ရောက်လာပြီဆိုလို့ရှိရင်တော့ ထိခိုက်နစ်နာသူတွေက ပရဟိတသမားတွေပဲဖြစ်တယ်။ အချို့သောကိစ္စတွေမှာ သူတို့ဟာ လူနာတင်ယာဉ်အသုံးပြုပြီးတော့ သူတို့သွားလာနေကြတယ်။ အဲဒီတော့တစ်ဖက် အဖွဲ့အစည်းကလည်း ဒါကိုမြင်သွားတဲ့အခါကြတော့ လူနာတင်ယာဉ်တွေကပဲ သယ်သွား၊ သယ်လာပြုနေတာလား။ ဒီလိုမျိုးလည်းရှိတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာတော့ ကာကွယ်တာပဲလေ။ လုပ်ချင်သပဆို လုပ်ထည့်လိုက်တာဆိုတော့ ဒါမျိုးတွေကို စိတ်မကောင်းနေဘူးဗျာ” ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာအရ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ပိုမိုလုပ်ဆောင်လာပြီး ပြီးခဲ့တဲ့နှစ် ပထမ (၆)လနဲ့ နှိုင်းယှဉ်ပါက လေကြောင်း တိုက်ခိုက်မှု (၃၃) ရာခိုင်နှုန်း တိုးလာသလို လက်နက်ကြီး ပစ်ခတ်မှုတွေကလည်း (၈၀) ရာခိုင်နှုန်းထိ တိုးလာတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုအများစုဟာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံနဲ့ဝတ်ပြုရာနေရာတွေအပါအဝင် အရပ်သားနေထိုင်ရာဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၄၀၀၀ နီးပါး သတ်ဖြတ်ခံထားရပြီး ၂၃၀၀၀ ကျော် ဖမ်းဆီးခံထားရသလို နေအိမ် ၇၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရတာကြောင့် အမိုးအကာ၊ အစားအစာ၊ ရေနဲ့ အသက်ကယ်ဆယ်မှုတွေကအစ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်တွေကို စနစ်တကျ ပိတ်ဆို့ထားတာကြောင့် လူပေါင်း ၁၅ သန်းကျော်ဟာ အရေးပေါ်အစားအစာနဲ့ အာဟာရထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.